Social Icons

Pages

Thursday, August 9, 2018

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေနှင့် ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်၊ထွက်ဂိတ်များ တစ်ပြိုင်တည်းဖွင့်လှစ်


ချင်းပြည်နယ် ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဝင်၊ ထွက်ဂိတ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာ ကြသူများ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၉-၈-၂ဝ၁၈

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ အကောင်အထည် ဖော်ဆောင်ရွက်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်နှင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့နယ်တို့ရှိ တမူး-မိုးရေး အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်၊ ထွက်ဂိတ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါသာမြို့တို့ရှိ ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်၊ ထွက်ဂိတ်ဖွင့်ပွဲများကို ယနေ့နံနက် ၈ နာရီခွဲက တစ်ပြိုင်တည်း ကျင်းပသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေး အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်၊ထွက်ဂိတ်ဖွင့်ပွဲကို တမူးမြို့ရှိ ချစ်ကြည်ရေး တံတားအနီး အဆိုပါဝင်၊ ထွက်ဂိတ်မုခ်ဦး၌ ကျင်းပရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ ထွက်ဂိတ်များ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မန္တလေးမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံရုံး ကောင်စစ်ဝန်ချုပ် Mr. Nandan Shigh Bhaisora နှင့် တမူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ကောင်စစ်ဝန်ချုပ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က တမူး-မိုးရေး အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်၊ထွက် ဂိတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဝင်၊ ထွက်ဂိတ်အတွင်း လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေးလုပ်ငန်း အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

အလားတူ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ ထွက်ဂိတ်ဖွင့်ပွဲကို သြဂုတ် ၈ ရက် နံနက် ၈နာရီခွဲက ရိခေါဒါရ်မြို့ရှိ အဆိုပါ ဝင်၊ ထွက်ဂိတ် မုခ်ဦးတွင်ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး ဝန်ကြီး Mr. H Bohluma တို့က အမှာစကားအသီးသီး ပြောကြားကြသည်။

ထို့နောက် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း၊ စစ်တွေမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးမှ ကောင်စစ်ဝန်ချုပ် Dr.Kumar Praveen နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးဝင်းနီဦးတို့က ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်၊ထွက်ဂိတ် မုခ်ဦးကိုဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေးလုပ်ငန်း အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား တမူး-မိုးရေးနှင့် ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ထွက်ဂိတ်များ ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့် e-Visa ပါရှိသော မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်ရာနိုင်ငံ၏ မြန်မာနိုင်ငံ သံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာ (သို့မဟုတ်) e-Visa ပါရှိသည့် အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံခြားသား (တတိယနိုင်ငံသား)များသည် မြန်မာနိုင်ငံသို့လည်းကောင်း ဝင်၊ထွက်သွားလာ နိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူများ အနေဖြင့် မည်သည့် အပြည်ပြည်ဆိုင်ရာ ဝင်၊ထွက်ပေါက်များမှမဆို ပြည်ပသို့ ပြန်လည်ထွက်ခွာ နိုင်ကြောင်းနှင့် သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသားများကို ပြည်ဝင်ဗီဇာကင်းလွတ် ခွင့်ပြုကြောင်း သိရသည်။

ထို့ပြင် အဆိုပါအပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ ထွက်ပေါက်များတည်ရှိရာ နယ်စပ်ဒေသ၌ နေထိုင်သူ မြန်မာနှင့်အိန္ဒိယ နိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Borderpass) ဖြင့် နယ်စပ်မျဉ်းမှ ၁၆ ကီလိုမီတာ အကွာအဝေးထိ ဝင်၊ထွက်ခွင့်ပြုပြီး တစ်ကြိမ်ဝင်၊ ထွက်ခွင့်အတွက် ၁၃ ညအိပ် ၁၄ရက် ခွင့်ပြုပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...