မန္တလေး ၂၁-၈-၂ဝ၁၈
မန္တလေး အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း ၁၉ လမ်းနှင့် ၂၂ လမ်းကြားတွင် မူးယစ်ဆေးသုံးစွဲ၊ ရောင်းချနေကြောင်း ကျော်ဇောသတင်းအရ ရဲတပ်ဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းပိတ်ဆို့ စစ်ဆေးရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ နေရာသို့ ဝင်ရောက် စီးနင်းရာတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကုန်းကြောင်း၊ ရေကြောင်းများဖြင့် ပိတ်ဆို့စစ်ဆေး ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီးဧရာဝတီမြစ် ရေလယ်ကောင်ရှိ မူးယစ်ဆေးဝါး ရောင်းချသည့် တဲအိမ်များကိုလည်း စီးနင်းမှုပြုလုပ်သည်။
"မူးယစ်ဆေးဝါးက ပြည်သူတွေရဲ့ အန္တရာယ်အကြီးဆုံး ပြဿနာ ဖြစ်တဲ့အတွက် ဒါကို ထိထိမိမိ တားဆီးနှိမ်နင်းတာပါ။ အကြိမ်ကြိမ် ဖမ်းဆီးတာတွေ လုပ်နေတယ်။ အမှုပေါင်းလဲ အမြောက်အမြား ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ အမြစ်မပျက်ဘူး ဖြစ်နေတာပေါ့။ မဖမ်းတာ မဟုတ်ဘူး။ ဆက်တိုက်ကို ဖမ်းနေတာ။ သတင်းရတဲ့အပေါ် မူတည်ပြီးတော့ ဖမ်းဆီးတာတွေ လုပ်နေပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ယခုကဲ့သို့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို စီးနင်းဖမ်းဆီးရာတွင် အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း၊ ၁၉လမ်းနှင့် ၂၂ လမ်းကြားရှိ အငှားအိမ်ရာတိုက်ခန်း စံပယ်အိမ်ရာ တိုက်အမှတ်(၂)တွင် မူးယစ်ဆေးဝါး ရောင်းချသူနှစ်ဦး၊ စံပယ်အိမ်ရာ တိုက်အမှတ် (၁) တွင် မူးယစ်ဆေးဝါး သုံးစွဲသူခြောက်ဦး၊ စံပယ်အိမ်ရာ တိုက်အမှတ် (၁)တွင် သုံးစွဲသံသယရှိသူလေးဦး၊ ပေါင်း ၁၂ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ဒီတာရိုးဘက်ကို လွန်ခဲ့တဲ့ လတွေကတည်းက အဖွဲ့တွေနဲ့ ရှာဖွေတယ်။ စနေ၊တနင်္ဂနွေဆိုရင် အချုပ်ယာဉ်ကြီးထိုးပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းတဲ့သူတွေ အဟန့်အတား အကာအကွယ်ဖြစ်အောင် တစ်နေကုန် ဆောင်ရွက်ခဲ့တယ်။ ဒါကိုအမြစ်ပြတ် ချေမှုန်းဖို့အတွက် ကျင့်ထုံးပုဒ်မနဲ့အညီ အိမ်တွေကို ဝင်ရှာတယ်။ မူးယစ်ဆေးဝါး သုံးတဲ့အခါမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ရှာဖွေပုံစံနဲ့ တရားဝင်သိမ်းခဲ့ပါတယ်"ဟု မန္တလေး တိုင်းဒေသကြီး မူးယစ်တပ်ဖွဲ့တာဝန် ရှိသူတစ်ဦးက ပြောပြသည်။
ထို့ပြင် အငှားအိမ်ရာ တိုက်ခန်း စံပယ်အိမ်ရာ တိုက်အမှတ် (၂)၊ ဒုတိယထပ်ရှိ သော့ခတ်ပိတ်ထားသော အခန်းများကိုလည်း ရှာဖွေဝရမ်းဖြင့် သက်သေများနှင့်အတူ သော့ဖျက်၍ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးအချို့နှင့် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
"ကျွန်မတို့က ဒီတိုက်ခန်းမှာနေရတာ နောက်ကျောမလုံသလိုပဲ ခံစားရပါတယ်။ ကျွန်မတို့က လက်လှုပ်မှ ပါးစပ်လှုပ်ကြရတဲ့သူတွေပါ။ ညဆိုရင် လူဝင်လူထွက်တာတွေက အများကြီးပဲ။ သတင်းလဲ မပေးရဲဘူး။သူတို့ကို ကြောက်နေရတယ်။ အခုလို ဝင်ဖမ်းတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ်ရောင်းချ နေတဲ့သူတွေကို ဖမ်းမိရင်ပိုကောင်း တာပေါ့"ဟု စံပယ်အိမ်ရာတွင် နေထိုင်သူတစ်ဦးက ပြောပြသည်။
မန္တလေး ၂၂ လမ်းနှင့် ကမ်းနားလမ်းအနီး၌ မူးယစ်ဆေးသုံးစွဲ ရောင်းချနေမှုမှာ သြဂုတ် ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ယနေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ မူးယစ်ဆေးသုံးစွဲ ရောင်းချနေမှုများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သကဲ့သို့ စီမံချက်ဖြင့်လည်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"မူးယစ်အမှုတွေကို ဖမ်းတဲ့အခါ အခက်အခဲတွေကတော့ မျိုးစုံပေါ့။ အခုခေတ်လူငယ်တွေက မူးယစ်ဆေးသုံးတာလဲ များတယ်။ သတင်းလဲ အချို့ကြိုရတာ ရှိကောင်းရှိပါတယ်။ အဲဒီလိုတွေကြောင့် လူမမိတာလဲရှိတယ်။ လူမိပြီး ပစ္စည်းအမြောက်အမြား သိမ်းဆည်းရမိ တာတွေလဲ ရှိပါတယ်။ အမြဲတမ်းတော့ လူဖမ်းရမိတယ်ဆို တာတော့ မရှိပါဘူး။ အခုလိုလုပ်တဲ့အတွက် အထိုက်အလျောက် အဟန့်အတား ဖြစ်သွားမယ်။ ထိထိမိမိနဲ့ အကာအကွယ် ဖြစ်သွားမယ်လို့တော့ ယုံကြည်ပါတယ်"ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဝင်ရောက်စီးနင်းရာတွင် ဖမ်းဆီးရမိသူ ၁၂ ဦးကို အမှတ် (၅) မြို့မရဲစခန်းတွင် မူးယစ်ပုဒ်မများဖြင့် အမှုဖွင့်အရေးယူရန် စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ အသေးစိတ် သတင်းကိုမူးယစ်တပ်ဖွဲ့က ဆက်လက်ထုတ်ပြန် ပေးသွားမည်ဟု သိရသည်။
မန္တလေး အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း ၁၉ လမ်းနှင့် ၂၂ လမ်းကြားတွင် မူးယစ်ဆေးသုံးစွဲ၊ ရောင်းချနေကြောင်း ကျော်ဇောသတင်းအရ ၂ဝ၁၇ခုနှစ် အတွင်းကလည်း ရဲတပ်ဖွဲ့ဝင် အင်အား၂ဝဝကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ သုံးစွဲသူလေးဦးကိုသာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင်ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ဇီးအုပ်ကျေးရွာ ကွက်သစ်နှင့် ကံကြီးကုန်းကျေးရွာ ကွက်သစ်အတွင်းရှိ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသည့် နေအိမ်များကို ယခုနှစ် ဇွန်၂ ရက်က ရုတ်တရက်ဝင်ရောက် ဖမ်းဆီးခဲ့ရာနေအိမ်အလုံး ၃ဝ ကို ရှင်းလင်းနိုင်သကဲ့သို့ ဇွန် ၅ ရက်က မန္တလေးအောင်မြေသာစံမြို့နယ် ဧရာဝတီ မြစ်ကမ်းနား ၁၉ လမ်းနှင့်၂၂ ကြားရှိ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသည့် အဆောက်အအုံ ရှစ်လုံးကိုလည်း ရှင်းလင်းခြင်း များပြုလုပ်ခဲ့ကြောင်း သိရသည်။
#Themyawadydaily
No comments:
Post a Comment