Social Icons

Pages

Monday, July 2, 2018

ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေး အစီအမံများအတွက် ငွေကျပ် ၄၇ ဘီလီယံကျော် ခန့်မှန်းလျာထား ဆောင်ရွက်မည်



နေပြည်တော် ၂-၇-၂ဝ၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်ထိ သုံးနှစ်တာ ကာလအတွင်း ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်မည့် ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေး အစီအမံများအတွက် စုစုပေါင်းငွေကျပ် ၄၇ဘီလီယံကျော် ခန့်မှန်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများကို နည်းလမ်းနှစ်သွယ်ဖြစ်သည့် တိုက်ရိုက်ကာကွယ်ခြင်း နည်းစနစ်၊ သွယ်ဝိုက်ကာကွယ်ခြင်း နည်းစနစ်တို့ဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တိုက်ရိုက်ကာကွယ်ခြင်း နည်းစနစ်သည် လတ်တလော ရေစားကမ်းပြိုနေမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ် နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရန် အခြေအနေပေးသည့် ကမ်းပြိုကမ်း စားဖြစ်ပေါ်နေသော နေရာများတွင် မြေထိန်းနံရံများ တည်ဆောက်ပေးခြင်း (သို့မဟုတ်) ကမ်းပါးလျှော စောက်ပြုပြင်၍ မျောကရစ်တန်း များရိုက်ခြင်းကို ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ သွယ်ဝိုက်ကာကွယ်ခြင်း နည်းစနစ်ကို ရေတိုက်စားကမ်းပြို လျက်ရှိသော နေရာတွင် ရေအနက်များသဖြင့် တိုက်ရိုက်ကာကွယ်ခြင်း ဆောင်ရွက်၍ မရနိုင်သောနေရာများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ရေလွှဲရေကာများ တည်ဆောက်ပေးခြင်း၊ ယာယီထိန်းသိမ်းနိုင်ရန် ရေစီးနှုန်း လျော့ကျစေသော ရေကာများ တည်ဆောက်ပေးခြင်း၊ လှိုင်းပုတ်ခြင်း၊ အပေါ်ယံရေစီး ပွတ်တိုက်မှု အကာအကွယ်များ တည်ဆောက်ပေးခြင်း၊ သောင်တူး ပေးခြင်းတို့ကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...