Social Icons

Pages

Wednesday, July 18, 2018

မန္တလေးမြို့ရှိ ကြက်သွန်နီပွဲရုံများတွင် ကြက်သွန်ဈေးမကိုက် သောကြောင့် အလုပ်သမားများ လျှော့ချ



မန္တလေး ၁၈-၇-၂ဝ၁၈

မန္တလေးမြို့ရှိ ကြက်သွန် လက်လီနှင့် ပွဲရုံများတွင် ကြက်သွန်နီဈေး မကိုက်သောကြောင့် အလုပ်သမားများ လျှော့ချရလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စားဖိုဆောင် သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချ သူများအသင်းမှ သိရသည်။

ယခုနှစ်တွင် ကြက်သွန်နီ အဓိကထွက်ရှိသည့် ဒေသများမှ ကြက်သွန်နီများ ပိုမိုထွက်ရှိပြီး အရည်အသွေးလည်း ကျဆင်းသည့်အတွက် လက်ရှိတွင် ကြက်သွန်နီဈေးနှုန်းမှာ အနိမ့်ဆုံ ကြမ်းခင်းဈေး ငွေကျပ် ၄၅ဝခန့်ထိ ကျဆင်းနေကာ မန္တလေးမြို့ပေါ်ရှိ ကြက်သွန် လက်လီဆိုင်နှင့် ပွဲရုံများမှာ ကြက်သွန်နီဈေး မရရှိသည့်အတွက် အလုပ်သမားများကို လျှော့ချနေရကြောင်း အဆိုပါအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပြသည်။

"ကြက်သွန်နီဈေးက တောင်သူတွေကလဲ စိုက်စရိတ်မကိုက်လို့ အရင်းမရတော့ မရောင်းချင်ကြဘူး။ နယ်စပ်ကုန်သွယ်ရေး ကျတော့လဲတရုတ်၊ အိန္ဒိယနိုင်ငံက ကြက်သွန်ဈေးထက် မြင့်နေပြန်တော့ အရည်အသွေး ကောင်းပေမယ့် ယှဉ်မရောင်းနိုင်ဘူး။ နယ်စပ်မှာက ရောင်းဖြစ်တယ်ဆိုရုံ ဖြည်းဖြည်းမှန်မှန်ပဲ အရောင်းအဝယ်ရှိတယ်။ တောင်သူ၊ ပွဲစားကုန်သည် အကုန်လုံး အဆင်မပြေကြဘူး။ ဒါကြောင့် အလုပ်သမားတွေ လျှော့ချရတာပါ"ဟု ၎င်းက ပြောပြသည်။

လက်ရှိတွင် ကြက်သွန်နီ အဓိကထား တင်ပို့ရောင်းချရသည့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကချင်ပြည်နယ်စသည့် ဒေသများတွင် နယ်မြေမငြိမ်သက်မှုများ၊ မိုးရွာသွန်းမှုများကြောင့် ကြက်သွန်နီ အရောင်းအဝယ် ကျဆင်းနေပြီး မြန်မာနိုင်ငံ၏ ကြက်သွန်နီအဓိက ထွက်ရှိသော တိုင်းဒေသကြီးသုံးခု ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကြက်သွန်နီများကို တရုတ်နိုင်ငံက ဝယ်ယူနေသည့်အတွက် တရုတ်နိုင်ငံသို့ တင်ပို့သည့် ကြက်သွန်ဈေးကွက်သာ အဓိက အရောင်းအဝယ်ရှိနေပြီး ကြက်သွန်နီဈေး တည်ငြိမ်နေကြောင်း သိရသည်။

မန္တလေးမြို့တွင် ကြက်သွန်နီ လက်လီနှင့် ပွဲရုံပေါင်း ၄ဝကျော် ရှိသည့်အနက် ကြက်သွန်နီဈေး မကိုက်သည့်အတွက် ပွဲရုံနှစ်ရုံခန့် ရပ်နားသွားပြီး အလုပ်သမားများ လည်းလျှော့ချနေရကြောင်း သိရသည်။

လက်ရှိကြက်သွန်နီ ကြမ်းခင်းဈေး ကျချိန်တွင် ကြက်သွန်နီ (ရွေး၊ပြာစင်)ရသည့် အလုပ်သမားများမှာ အလုပ်အကိုင် မရှိဖြစ်နေရပြီး အလုပ်သမ ထိန်းထားနိုင်သည့်ပွဲရုံ ငါးရုံခန့်သာရှိတော့ကြောင်း အဆိုပါအသင်းမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...