Social Icons

Pages

Thursday, June 21, 2018

ထီးချိုင့်မြို့နယ်တွင် ကြံစိုက်တောင်သူ ၁ဝဝဝ ကျော် ဆန္ဒဖော်ထုတ်



ထီးချိုင့် ၂၁-၆-၂ဝ၁၈

ကြံစိုက်တောင်သူများ အခွင့်အရေး ပြည့်ဝစွာ ရရှိရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကြံစိုက်တောင်သူ ဦးရေ ၁ဝဝဝ ကျော်သည် ယနေ့နံနက် ၉ နာရီခန့်က ထီးချိုင့်မြို့နယ်အတွင်း ခွင့်ပြုချက်ဖြင့် ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

ကြံဝယ်ယူသည့် ကိစ္စနှင့် စာချုပ်ပြဿနာ၊ ကြံစိုက်တောင်သူ တစ်ဦး၏ ကုန်ကျစရိတ်နှင့် အခက်အခဲ၊ သကြားစက်ရုံ၏ ကြံတစ်တန်ဝယ်ယူနှုန်းနှင့် တစ်တန်၏ အမြတ်ငွေများ၊ သကြားစက်ရုံနှင့် ကြံစိုက်တောင်သူ ရိတ်သိမ်းရာသီ အခက်အခဲ၊ သကြားစက်ရုံက ကြံတောင်သူများအပေါ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တစ်ဖက်သတ် ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုများကြောင့် ဂရိတ်ဝေါဝေမာလ် ဟိုးဒင်းကုမ္ပဏီစက်ရုံမှ တာဝန်ရှိသူများသိရှိရန် စုပေါင်းဆန္ဒဖော်ထုတ် ကြခြင်းဖြစ်ကြောင်း သိရသည်။

"ကြံစိုက်တောင်သူတွေက ကြံဈေးနှုန်းကို မြန်မာနိုင်ငံထဲမှာရှိတဲ့ တခြားစက်ရုံတွေလိုပဲ ခေတ်နဲ့လျော်ညီတဲ့ ပေါက်ဈေးအတိုင်း တစ်ပြေးညီရချင်ပါတယ်။ တောင်သူတွေကို အခုတစ်မျိုး၊ တော်ကြာတစ်မျိုး စာချုပ်တွေ၊ ဈေးနှုန်းတွေ မလုပ်စေချင်ဘူး။ ပွင့်လင်းမြင်သာစွာ ရောင်းဝယ်ခွင့် ရချင်တယ်။ ဒီဒေသမှာ စိုက်ထားတဲ့ တောင်သူတွေရဲ့ ကြံတွေကို ဒီဒေသမှာ လာရောက်ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီက အားလုံးဝယ်ယူ စေချင်တယ်"ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ကြံစိုက်တောင်သူ ဒေါ်မြမြလေးက ပြောပြသည်။

ကြံစိုက် တောင်သူများသည် ထီးချိုင့်မြို့နယ် စပ်စားကျေးရွာမှ စတင်စုဝေး၍ ဂရိတ်ဝေါဝေမာလ် ဟိုးဒင်းကုမ္ပဏီစက်ရုံ၏ တောင်ဘက်ရှိ ကွင်းအတွင်း ကြံစိုက်တောင်သူများ၏ အခက်အခဲများကို ပြောဆိုကာ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရသည်။

အဆိုပါစက်ရုံက ကြံဝယ်ယူရာတွင် သကြားဈေး တက်နေသော်လည်း ကြံဈေး နှိမ်ဝယ်ယူခြင်းများ ရှိနေကြောင်း ကြံစိုက်တောင်သူများက ပြောပြ၍သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...