Social Icons

Pages

Thursday, May 24, 2018

ARSA ၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ရပ်မှန်ကို ကမ္ဘာ့မီဒီယာများ ရေးသားဖော်ပြကြ ဖြစ်ရပ်မှန်များကို ကမ္ဘာ့မီဒီယာတို့ သိရှိလာကြပြီ






နေပြည်တော် ၂၄-၅-၂ဝ၁၈

ရခိုင်ပြည်နယ်တွင် ARSA အစွန်းရောက် အကြမ်းဖက်အုပ်စုက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း အထောက်အထား အသစ်အရသိရသည် ဟူသည့် ခေါင်းစဉ်ဖြင့် Amnesty International အဖွဲ့က မေ ၂၂ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် ဖြစ်ရပ်မှန်သတင်းအပေါ် နိုင်ငံတကာ မီဒီယာများက ထပ်ဆင့်ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ကြသည်။

VOA သတင်းဌာနက မေ ၂၃ ရက်နံနက် ၆ နာရီ သတင်းအစီအစဉ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ဟိန္ဒူဘာသာဝင် အမြောက်အမြားအား ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့သည် ဆိုသည့် အထောက်အထား တွေ့ရှိရကြောင်း Amnesty International အဖွဲ့ပြောကြား ခေါင်းစဉ်ဖြင့် ခမောင်းဆိပ် ကျေးရွာအနီးတွင် ဟိန္ဒူအမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ် စုစုပေါင်း ၉၉ဦးခန့်အထိ သတ်ဖြတ်ခဲ့သလို ဖမ်းဆီးခေါ်ဆောင်မှု များလည်း လုပ်ခဲ့သည်ဟု ထုတ်လွှင့်ဖော်ပြခဲ့သည်။

အလားတူ ဘီဘီစီသတင်း ဌာနကလည်း ရခိုင်တွေ့ရှိချက်သစ် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ထုတ်ပြန်ခေါင်းစဉ်ဖြင့် Amnesty International အဖွဲ့၏ ယခုတစ်ခေါက် အစီရင်ခံစာထဲတွင် ရခိုင်ပြည်နယ်ရှိ ဟိန္ဒူအသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး အာဆာအဖွဲ့က ကျူးလွန်ခဲ့သည့် အစုလိုက် အပြုံလိုက်သတ်ဖြတ် ခဲ့မှုများကြောင်း ဖော်ပြထားကြောင်း၊ ယခုအစီရင် ခံစာထုတ်ပြန်နိုင်ရန် ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့သည့် မြန်မာ့အရေး အထူးပြုသုတေသန ပြုလုပ်သူ Amnesty International အဖွဲ့မှ လော်ရာဟေ့ဂ်ဆိုသူ အမျိုးသမီးကို BBC က မေးမြန်းရာ ၎င်းက မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာတွင် ဟိန္ဒူ ၉၉ဦးအထိ အသတ်ခံခဲ့ရပြီး မောင်တောအပြင်ဘက်သီးခြားဖြစ်ရပ် တစ်ခုတွင်လည်း အသတ်ခံခဲ့ရသည့် ဟိန္ဒူ ခြောက်ဦးရှိသည် ဆိုသည့် အထောက်အထား သက်သေများကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ကျူးလွန်သူများသည် ARSA အစွန်းရောက် အကြမ်းဖက်သမားများဟု ကောက်ချက်ချ နိုင်ကြောင်း ဖြေကြားခဲ့သည်ဟူသည့် သတင်းကို ထုတ်လွှင့်ခဲ့သည်။

ထို့ပြင် အဆိုပါဖြစ်ရပ်မှန် သတင်းနှင့် ပတ်သက်၍ Aljazeera,CNN, AFP, CNA, FOX News Channel, Sky News,The Straits Times, The Guardian, Daily Mail, The Daily Star, The Independent, The Wall Street Journal, The Washington Post, The Times of India, TIME, Bangkok Post စသည့် ကမ္ဘာ့သတင်းမီဒီယာ များကလည်း ထုတ်လွှင့်ဖော်ပြ ထားသည်ကို တွေ့ရသည်။

ယင်းဖြစ်ရပ်သည် ၂ဝ၁၇ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများကို စက်တင်ဘာလအတွင်းက တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများ၏ ပြောကြားချက်အရ ARSA အစွန်းရောက် အကြမ်းဖက်သမား ၃ဝဝ ခန့်က ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသား၊အမျိုးသမီး ၁ဝဝခန့်အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးရွာ၏ အနောက်ဘက်မီတာ ၁ဝဝဝ ခန့်အကွာတွင် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ ၎င်းတို့ရှစ်ဦးအား အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာ၌ တူးဖော်ရှာဖွေခဲ့ရာ စက်တင်ဘာ ၂၄ရက်တွင် ရုပ်အလောင်း ၂၈  လောင်း၊စက်တင်ဘာ ၂၅ရက်တွင် ရုပ်အလောင်း ၁၇လောင်း၊ စုစုပေါင်း ၄၅လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ၄၈ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း၊ ထို့ပြင်မောင်တောမြို့နယ် အိုးထိန်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၄၄ဦး ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ၂ဝ၁၇ခုနှစ် စက်တင်ဘာ ၂၇ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင်သတင်း မီဒီယာများကလည်း ထုတ်လွှင့်ဖော်ပြခဲ့ပြီး ဖြစ်သည်။

ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တွေ့ရှိရာ နေရာသို့ ၂ဝ၁၇ ခုနှစ်စက်တင်ဘာ ၂၇ ရက်ကပြည်တွင်း ပြည်ပသတင်းမီဒီယာများ သွားရောက်သတင်းယူ ခဲ့ရာတွင် TBS, Asahi Shun Bum, EPA, AFP, VOA, CNA, BBC, Xinhua, TV Asahi, Nippon, Frontier Myanmar, Reuter သတင်းဌာနတို့မှ သတင်းထောက်များ လိုက်ပါခဲ့ကြသည်။

ထိုအချိန်က ကမ္ဘာ့သတင်းမီဒီယာ အများစုက ယင်းသတင်းဖြစ်ရပ် မှန်များကို ထုတ်လွှင့်ဖော်ပြရန် ပျက်ကွက်ခဲ့ ကြသော်လည်း ယခုအခါသတင်း ဖြစ်ရပ်မှန်ကို အလေးအနက်ထားပြီး ပြန်လည်ထုတ်လွှင့် ဖော်ပြလာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...