Social Icons

Pages

Thursday, February 15, 2018

ဂျပန်နိုင်ငံက ဝယ်ယူထားသည့် ရထားတွဲသစ် ၂၄ တွဲကို ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲသွားမည်



နေပြည်တော် ၁၅-၂-၂ဝ၁၈

မြန်မာ့မီးရထား အနေဖြင့် ရန်ကုန်မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲရန် အတွက် ဂျပန်နိုင်ငံက DEMU အမျိုးအစား ရထားတွဲသစ် ၂၄တွဲကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုပြီး ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ သိရသည်။

ဂျပန်ယန်း ၇ ဒသမ ၂၄၄ ဘီလီယံတန်ဖိုးရှိ ဂျပန်နိုင်ငံမှ DEMU အမျိုးအစား ရထားတွဲသစ် ၂၄တွဲကို ဝယ်ယူရေးအတွက် ဂျပန်နိုင်ငံမှ ကုမ္ပဏီနှင့် ယခုနှစ် ဖေဖော်ဝါရီ ၉ရက်က စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ အဆိုပါ ရထားတွဲများကို လာမည့်၂ဝ၂ဝပြည့်နှစ်တွင် ရန်ကုန်-တောင်ငူရထား လမ်းပိုင်း၌ စတင်အသုံးပြု ပြေးဆွဲသွားမည် ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး လမ်းပိုင်းကို အပိုင်းနှစ်ပိုင်းဖြင့် အဆင့်မြှင့်တင်မှုများ စတင်ဆောင်ရွက် နေပြီဖြစ်ရာ ရန်ကုန်-တောင်ငူ လမ်းပိုင်းကို ပထမအပိုင်း အနေဖြင့် လမ်းအဆင့် မြှင့်တင်မှုများ စတင်ဆောင်ရွက် နေပြီဖြစ်သည်။

"ဝယ်ယူမယ့် ရထားတွေက DEMU အမျိုးအစားပေါ့။ ဒီဇယ်ရော လျှပ်စစ်နဲ့ပါ နှစ်မျိုးစလုံးသုံးလို့ရတဲ့ ရထားအမျိုးအစားပါ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံ အခြေအနေအရ ဒီဇယ်အသုံးပြုပြီး ပြေးဆွဲမှာပါ။ အခုက ရထားလမ်းပိုင်း အဆင့်မြှင့်တင်တာတွေ လုပ်နေပါတယ်။ လာမယ့် ၂ဝ၂ဝ ပြည့်နှစ်မှာ ရန်ကုန်-တောင်ငူလမ်းပိုင်းကို အပြီးဆောင်ရွက်မှာဆိုတော့ ရထားတွဲတွေလဲ ၂ဝ၂ဝပြည့်နှစ်လောက်မှ မြန်မာနိုင်ငံကိုရောက်ရှိမယ် ထင်ပါတယ်။ ဒီရထားတွဲသစ်တွေကို ရန်ကုန်-တောင်ငူလမ်းပိုင်းမှာ အရင်ပြေးဆွဲသွားမှာပါ"ဟု မြန်မာ့မီးရထားလုပ်ငန်းမှ မန်နေဂျာ ဦးသန်းထွန်းအောင်က ပြောပြသည်။

အဆိုပါ (Diesel Electric Multiple UNIT- DEMU) အမျိုးအစား ဂျပန်နိုင်ငံထုတ် ရထားတွဲသစ် ၂၄ တွဲကို ရန်ကုန်-တောင်ငူ လမ်းပိုင်းတွင် လာမည့် ၂ဝ၂ဝပြည့်နှစ်တွင် ရထားတစ်စီးလျှင် အတွဲခြောက်တွဲဖြင့် ရထားလေးစီးနှုန်း ပြေးဆွဲပေးသွားရန် လျာထားပြီး တောင်ငူ-မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်မှုကို လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် အပြီးဆောင်ရွက်မည် ဖြစ်၍ ၂ဝ၃ဝ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ငူ-မန္တလေး လမ်းပိုင်းတွင်ပါ ပြေးဆွဲပေးသွား မည်ဖြစ်သည်။

အဆိုပါ ရထားတွဲသစ် ၂၄ တွဲအပြင် နောက်ထပ်အတွဲ ၂ဝဝခန့်ထိ ဝယ်ယူသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းသည် ယခုလက်ရှိတွင် ခုနစ်နာရီကျော် မောင်းနှင်ရပြီး ရထားလမ်း အဆင့်မြှင့်တင်ပြီးပါက သုံးနာရီခွဲခန့်သာ ကြာမြင့်မည် ဖြစ်ကြောင်း၊ ရန်ကုန်မှ မန္တလေးသို့ ရှစ်နာရီဖြင့် သွားရောက်နိုင်မည့် ရထားလမ်းအဆင့် မြှင့်တင်မှု စီမံကိန်းအတွက် ဂျပန်နိုင်ငံက ကူညီပေးမည်ဖြစ်ကာ အဆိုပါစီမံကိန်းကို ရန်ကုန်တောင်ငူနှင့်တောင်ငူ-မန္တလေး လမ်းပိုင်းဟူ၍ နှစ်ပိုင်းခွဲခြား ထားကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...