Social Icons

Pages

Monday, January 22, 2018

ပြည်တွင်းသကြားဈေး ကျဆင်းနေမှုကြောင့် သကြားစက်များ ကြံမဝယ်မည်ကို တောင်သူများစိုးရိမ်နေ



မန္တလေး ၂၂-၁-၂ဝ၁၈

လက်ရှိပြည်တွင်း သကြားဈေး ကျဆင်းနေမှုကြောင့် သကြားစက်ရုံ များမှသတ်မှတ် ဝယ်ယူမည့် ကြံအားမဝယ်ယူမည်ကို ကြံစိုက်တောင်သူများ စိုးရိမ်လျက်ရှိနေကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်း ရှင်များအသင်း(မန္တလေး) ထံမှ သိရသည်။

လက်ရှိ ပြည်တွင်း သကြားဈေး ကျဆင်းနေခြင်း၊ တရုတ်နိုင်ငံမှ ပိတ်ဆို့ဖမ်းဆီး မှုများကြောင့် အဝယ်မရှိခြင်း၊ Re-export ပိတ်ထားသော်လည်း လုပ်ငန်းလိုင်စင် (သကြား အသုံးပြု စားသောက်ကုန် လုပ်ငန်းများ) ဖြင့် သကြား တင်သွင်း ခွင့်ပြုသောကြောင့် ပြည်တွင်းသို့ တန်ချိန်များစွာ ဝင်ရောက်လာ၍ တင်သွင်းမှုများပြား နေခြင်းကြောင့် သကြားစက်များမှ ကြံဝယ်ယူမှု ရပ်နားပြီး ကြံဈေးချဝယ်ယူမည်ကို ကြံစိုက်တောင်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

"ကြံဝယ်တာကို သကြားစက်တွေ ကခုထိတော့ မဆုံးဖြတ်သေးပါဘူး။ သကြားဈေး ဒီထက်ထပ်ကျမှာပဲ ကြောက်ရပါတယ်။ ထပ်ကျရင် စိုးရိမ်ရပါတယ်။ အခုကြံစိုက်တောင်သူရော သကြားစက်တွေရော ဘယ်သူမှ အမြတ်မရှိဘူးဖြစ်နေတယ်"ဟု အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြသည်။

ယနေ့ပြည်တွင်း သကြားဈေးနှုန်းမှာ ပေါင်းသကြား တစ်ပိဿာလျှင် ငွေကျပ်၁၂၈ဝမှ ၁၂၉၅ကျပ် ဈေးဖြစ်ပြီး ယခုအခါ ကြံခုတ်သိမ်းပြီး သကြားထုတ်လုပ်သော ရာသီဖြစ်၍ သကြားဈေး ကျဆင်းလာပါက စက်ရုံများ အရှုံးပေါ်မည် ဖြစ်သောကြောင့် ပြည်တွင်းသကြားစက်များ သတ်မှတ်ဝယ်ယူမည်ဟု အဆိုပြုထားသော ကြံများမဝယ်ယူမည်ကို တောင်သူများ စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က ပြည်တွင်းသကြားဈေး ကောင်းခဲ့၍ ကြံဈေးကောင်း ခဲ့သည့်အတွက် ကြံစိုက်ဧကများ တိုးခဲ့ရာ သကြားစက်ရုံများ အနေဖြင့် ယခင်နှစ်ထက် ၃ဝ ရာခိုင်နှုန်းခန့် ကြံပိုမိုရရှိခဲ့ကြောင်း သိရသည်။

ယခု ၂ဝ၁၇-၂ဝ၁၈ကြံရာသီတွင် မြန်မာနိုင်ငံ၌ ကြံစိုက်ဧကပေါင်း ငါးသိန်းခန့်ရှိပြီး သကြားထုတ်လုပ်မှုတန်ချိန် ခြောက်သိန်းခန့်ထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...