Social Icons

Pages

Thursday, January 18, 2018

တတိယအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ တတိယအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပစဉ်။


၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ တတိယအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲကို ၁၇-၁-၂ဝ၁၈ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ မြန်မာဘက်မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ ဦးဆောင်၍လည်းကောင်း၊ တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာခုန်ရွှယ်ယို့နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၊ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ရှောင်ယွမ်မင်းတို့ ဦးဆောင်၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

၂။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနှင့်တရုတ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုများပေးအပ်ရေး၊ နှစ်နိုင်ငံနယ်စပ် ဒေသများတွင် တရားမဝင် ဝင်/ထွက်သွားလာမှု များတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများ တားဆီးနှိမ်နင်းရေး၊ တရားဝင်ကူးသန်း ရောင်းဝယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ဒေသများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို အလေးပေး ဆွေးနွေးခဲ့ကြသည်။

၃။ အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

၎။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်၍ ကျင်းပပြုလုပ်သည့်  (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲကို မြန်မာနှင့်တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် အကျိုးသက်ရောက်မှုများ ပိုမိုရရှိစေရန်အတွက် လည်းကောင်း၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရန်အတွက် လည်းကောင်း ရည်ရွယ်၍ နှစ်နိုင်ငံအကြား အလှည့်ကျကျင်းပပြုလုပ် လျက်ရှိသည်။ ပထမအကြိမ် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲကို ၂ဝ၁၆ ခုနှစ်၊နိုဝင်ဘာလတွင် နေပြည်တော်၌လည်းကောင်း၊ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကူမင်းမြို့၌လည်းကောင်း ကျင်းပခဲ့သည်။

၅။ အစည်းအဝေးအပြီးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အစည်းအဝေးသို့ တက်ရောက်လာသည့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များအား Lake Garden ဟိုတယ်ရှိ MGallery တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။

၆။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂)အဆင့်မြင့် ဆွေးနွေးပွဲမကျင်းပမီ ၁၆-၁-၂ဝ၁၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာခုန်ရွှယ်ယို့တို့ ဦးဆောင်သော နှစ်ဖက်နိုင်ငံ ခြားရေးကိုယ်စားလှယ်အဖွဲ့များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်မှ ဗိုလ်ချုပ်ရှောင်ယွမ်မင်းတို့ ဦးဆောင်သော နှစ်ဖက်ကာကွယ်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရွှေနန်းတော်ဟိုတယ်၌ လည်းကောင်း သီးခြားစီ ကြိုတင်ပြင်ဆင်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်။ နိုင်ငံခြားရေးဝန်ကြီးဌာန။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...