Social Icons

Pages

Monday, December 11, 2017

တောင်ပေါ်လမ်းပိုင်းတွင် ဆောင်းကာလမြူနှင်းပိတ်ဆို့မှုများကြောင့် လားရှိုးအတက်ကားများ အခက်အခဲဖြစ်ပေါ်နေ



လားရှိုး ၁၁-၁၂-၂၀၁၇

ဆောင်းကာလတွင် မြူနှင်းကျဆင်း ပိတ်ဆို့မှုများကြောင့် တောင်ပေါ်လမ်းပိုင်းဖြစ်သော လားရှိုးအတက်ကားများ မောင်းနှင်ရာတွင် အခက်အခဲ ဖြစ်ပေါ်နေသောကြောင့် လားရှိုးမြို့သို့ ကားဝင်ချိန်များ ပုံမှန်ထက်အနည်းငယ် နောက်ကျလျက်ရှိကြောင်း မြတ်မန္တလာထွန်း ကားဂိတ်လိုင်းမှ ဂိတ်မှူးဦးသောင်းနိုင်က ပြောပြ၍ သိရသည်။

"ကျွန်တော်တို့ကားတွေ ရန်ကုန်ကနေ တက်လာပြီဆိုရင် ည ၁၁နာရီလောက်ဆို ၂၁မိုင်ရောက်ပြီ။ အဲဒီမှာ မြူနှင်းတွေက စကျနေပြီ။ အနီးစခန်းမှာ မြူတွေစပိတ်တယ်။ နောင်ချိုမြို့နယ် ထဲကတော့ ဂုတ်တွင်းလမ်းပိုင်းမှာ မြူတွေကပိုကျလာတယ်။ ကားတွေအားလုံးကတော့ ဖြည်းဖြည်းချင်း အန္တရာယ်မဖြစ်အောင် မောင်းနှင်နေရပါတယ်။ မြူအပိတ်ဆုံးကတော့ အရုဏ်တက် ချိန်ဖြတ်သန်းရတဲ့ သီပေါမြို့နယ်ထဲက ဒုဋ္ဌဝတီမြစ်ဘေးပါပဲ။ဒီရာသီမှာတော့ ခရီးချိန်မြန်ဆန်မှုထက် ခရီးသည်များလုံခြုံဘေးကင်းမှုကိုပဲ ဦးစားပေးမောင်းနှင်ပါတယ်။ကားအားလုံးကတော့ နှင်းကွဲမီးနှစ်လုံး တပ်ဆင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီတောင်ပေါ်လမ်းပိုင်းမှာ မြူလုံးတွေ တအားဝင်မွှေ့တဲ့ အခါဆိုရင် နှင်းကွဲမီးနှစ်လုံးတောင် မနိုင်လို့ကားကို ခဏရပ်ထား ခဲ့ရတာတွေတောင်ရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိကာလတွင် လားရှိုးအတက်ကားများမှာ ပုံမှန်ဝင်ချိန်ထက် လားရှိုးမြို့သို့ တစ်နာရီနောက်ကျကာ ဝင်ရောက်နေကြပြီး တောင်ပေါ်လမ်းပိုင်းတွင် ကျဆင်းနေသော မြူနှင်းများကြောင့် ခရီးသည်များ ဘေးကင်းလြုံခုံရေးကိုဦးစားပေးကာ မောင်းနှင်ပြေးဆွဲ ပေးနေကြောင်း၊ ဆွီဒင်နိုင်ငံထုတ် SCANIA ကားများမှာမူ သက်ဆိုင်ရာ ဌာနများက တောင်ပေါ်လမ်းပိုင်း မောင်းနှင်ခွင့်ကို ကီလို ၁ဝဝ သတ်မှတ် ပေးထားသော်လည်း အဆိုပါကုမ္ပဏီမှ ကားများ၏ ဘေးကင်းလြုံခုံမှု အတွက် ကီလို ၉ဝသာမောင်းနှင် ခွင့်ပြုထားခြင်း ကြောင့်လည်း အဆိုပါကားများ သုံးစွဲလျက်ရှိသော ကားလိုင်းများအနေဖြင့် ခရီးသည်များ ဘေးကင်းရေးကိုသာ ဦးစားပေးပြေးဆွဲပေးနေကြောင်း၊ တောင်ပေါ် လမ်းပိုင်းဖြစ်သော လားရှိုးအတက် လမ်းပိုင်းများတွင် ကားများပြေးဆွဲရမှုသည် အဆိုးဆုံးကာလမှာမိုးတွင်း ဖြစ်ပြီး ဒုတိယအဆိုးဆုံးမှာ ဆောင်းကာလဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...