Social Icons

Pages

Wednesday, September 20, 2017

လျှော်ဖြူဈေးနှုန်းများ ပြည်ပပေါက်ဈေးထက် သုံးပုံတစ်ပုံခန့် နည်းပါးနေ



မကွေး ၂၀-၉-၂၀၁၇

ပြည်တွင်း၌ လက်ရှိ လျှော်ဖြူစေး ထုတ်လုပ်နေသည့် လုပ်ငန်းများတွင် အရည်အသွေးပိုင်းနှင့် နည်းပညာပိုင်း လိုအပ်ချက်များရှိ နေခြင်းကြောင့် ပြည်တွင်းလျှော်ဖြူဈေးနှုန်းများမှာ ပြည်ပပေါက်ဈေးထက် သုံးပုံတစ်ပုံခန့် နည်းပါးနေကြောင်း မကွေးတိုင်းဒေသကြီးရှိ လျှော်ဖြူစိုက်ပျိုးသူ ဦးအုန်းမြင့်ထံမှ သိရသည်။

လတ်တလောတွင် လျှော်ဖြူစေး (အညို ၊အဝါ ) တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝဝ ခန့်၊ လျှော်ဖြူစေး (ရေခဲသား ) တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝဝ ခန့်၊ လျှော်ဖြူစေးအသန့် (ကြာဆံမျှင် ) တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝဝဝ ခန့်အထိ ဈေးနှုန်းရရှိနေသော်လည်း ပြည်ပပေါက်ဈေးထက် ဈေးနှုန်းနည်းပါး နေသေးကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ လျှော်ဖြူပင်ကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးသူ များပြားလာပြီး အထွက်နှုန်းမသိရှိရ သေးသည့်အတွက် စိုက်ဧကနှင့် အထွက်နှုန်းသိရှိစေရန် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များက စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြေစာရင်းဌာနများမှတစ်ဆင့် စိုက်ဧကစာရင်းများ ကောက်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

''လျှော်ဖြူစေးက ဈေးကောင်းရနေတယ် ဆိုပေမယ့် ထုတ်ကုန်အရည်အသွေးနဲ့ နည်းပညာပိုင်းမှာ အခက်အခဲတွေရှိတာကြောင့် ပြည်ပပေါက်ဈေးထက် နိမ့်ကျနေတာပါ။ ပြည်ပကို တရားဝင်တင်ပို့နိုင်ပြီး ဈေးကွက် သစ်တွေရ လာရင်တော့ ပိုတွက်ခြေကိုက်မှာပါ'' ဟု ဦးအုန်းမြင့်က ပြောသည်။

မြန်မာနိုင်ငံ၌ လျှော်ဖြူပင်ကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...