Social Icons

Pages

Friday, September 29, 2017

သရဏဂုံ ဆောက်တည် ခြင်းအကျိုး




ဆောင်းပါး (တက္ကသိုလ်သင်္ခ)

လုပ်ငန်းဌာနတစ်ခုတွင် ကျွန်တော်နှင့်အတူ အလုပ်လုပ်သောလူငယ်များ မကြာခဏတွေ့ဖြစ်သည်။သူတို့သည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၏။ တစ်နေ့တွင် သူတို့နှင့်တွေ့ဆုံပြီး ဘာသာတရား အကြောင်းဆွေးနွေးရာမှ သရဏဂုံသုံးပါး အနက်အဓိပ္ပါယ်ကို သိပါသလားဟု မေးကြည့်မိသည်။သူတို့အားလုံးက သေချာမသိ ကြောင်းပြောကြ၏။လူငယ်များကို အပြစ်မတင်လိုပါ။ အဘယ်ကြောင့်ဆိုသော် ယနေ့လူငယ် လူရွယ် တချို့သည်ဘာသာတရား နှင့် စပ်လျဉ်း၍ လေ့လာမှုအားနည်းလှသော ကြောင့်ဖြစ်၏။

အလျဉ်းသင့်၍ ကျွန်တော့မိတ်ဆွေတစ်ဦး၏ အယူအဆကိုလည်း ဖော်ပြလိုသည်။ မိတ်ဆွေက သူ့ဆွေမျိုးသားချင်းတစ်ဦး ကွယ်လွန်ပြီး အသုဘချရာတွင် သရဏဂုံမတင်ကြောင်း ပြောဖူးသည်။သူ့သဘောအရသရဏဂုံ တင်ခြင်း သည်မည်သို့မျှအကျိုး မထင်ဟုဆိုသည်။ သူ့အယူအဆမှားနေ သည်ဟုဆိုချင်သည်။

သို့ဖြစ်၍ သရဏဂုံနှင့် စပ်လျဉ်း၍ ကျွန်တော်လေ့လာဆည်းပူး ထားသည်ကို စာဖတ်သူများသိရှိနိုင် စေရန်တင်ပြလိုက်ပါသည။် သရဏဂုံဆိုသည်မှာ သရဏ+ဂမန ဟူသည့်ပါဠိမှ ဆင်းသက်လာပြီး သရဏဂုံဟူ၍ မြန်မာမှုပြု ထားခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ ဘုရား၊တရား၊ သံဃာစသည်တို့ ကိုကိုးကွယ်ရာ အစစ်ဖြစ်တော်မူ၏ဟူ၍ အသိအမှတ်ပြုကာ ရိုသေလေးမြတ် ဆည်းကပ်ခြင်းကို သရဏဂုံဟု ခေါ်ခြင်းဖြစ်၏။

သရဏဂုံသုံးပါးရှိ၏။ ယင်းတို့မှာ

(၁) ဗုဒ္ဓံသရဏံဂစ္ဆာမိ-ဘုရားကို ကိုး ကွယ်ပါ၏
(၂) ဓမ္မံသရဏံကဂစ္ဆာမိ- တရားတော် ကို ကိုးကွယ်ပါ၏
(၃) သံဃံသရဏံဂစ္ဆာမိ- အရိယာ သံဃာကို ကိုးကွယ်ပါ၏ ဟူ၍ဖြစ်၏။ 

ပါဠိ သက်သက်ဖြစ်စေ၊ မြန်မာစကားသက်သက် ဖြစ်စေ ရွတ်ဆိုခြင်းကို သရဏဂုံဆောက် တည်သည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦး ကွယ်လွန်သည့်အခါ ကျတ်ရှိသည့်ဆွေမျိုးသားချင်းတို့က သရဏဂုံ သီလ တည်ပြီး ကုသိုလ်ပြုအမျှတန်းဝေလေ့ ရှိကြ၏။ ယင်းကို သရဏဂုံတင်သည်ဟု ဆိုခြင်းဖြစ်သည်။

သရဏဂုံတင်သည့် ရည်ရွယ်ချက်မှာ သေသွားသောသူအား သရဏဂုံတင်ခြင်း မဟုတ်ဘဲ သေဆုံး၍ ဘ၀ကူးပြောင်းသွား ပြီဖြစ်သည့်အတွက် သရဏဂုံလည်း မယူနိုင်တော့ပေ။အမျှအတန်း ဝေရာ၌ ပို၍ထိထိရောက်ရောက် ဖြစ်ရန် ကျန်ရစ်သူများက ထပ်မံ၍သရဏဂုံ သီလဆောက်တည်ခြင်းသာ ဖြစ်လေသည်။

ကွယ်လွန်သူမှာ အကယ်၍ ပြိတ္တာဘုံ ဘ၀သို့  ရောက်ခဲ့ ပါက သာဓုခေါ်နိုင်ရုံသာမက အကျိုးပင်ရရှိနိုင်သည်။ ဘ၀အဆက်ဆက် ဆွေမျိုးတော်စပ်ခဲ့ဖူးသော ဆွေမျိုးပြိတ္တာ များသည်လည်း အလားတူအကျိုးများရရှိနိုင် မည်ဖြစ်သည်။

ထို့ကြောင့် အသုဘ၌ သရဏဂုံတင် ခြင်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နောက်ဆုံးခရီးအတွက် အကောင်းဆုံးသော နောက်ဆုံးအကူအညီပေးခြင်းဖြစ်၍ ကောင်းသော အစဉ်အလာ တစ်ရပ်ဖြစ်သည်။

သရဏဂုံအကျိုးကျေးဇူး

သရဏဂုံတည်၍ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်လျှင် အပါယ်လေးပါးသို့ မကျရောက်နိုင် တော့ကြောင်း ဗုဒ္ဓမြတ်စွာဟောကြားမှုများ များစွာရှိပါ၏။ အပါယ်မကျရုံသာမက နတ်ဖြစ်လျှင်လည်း တခြားသောနတ်တို့ထက်ပို၍ အသက်ရှည် ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာ ခြင်း၊ အခြံအရံပေါများခြင်း၊ သြဇာအာဏာ သာလွန်ခြင်းနှင့် အာရုံငါးပါးသာလွန်ခြင်း အကျိုးကျေးဇူးတို့ရရှိနိုင်ကြောင်း သိကြား မင်းအား ရှင်မဟာမောဂ္ဂလာန်က ဟော ကြားဖူးလေသည်။

အဇာတသတ်မင်းသား

ဖခင်ကိုသတ်သဖြင့် ပဉ္စနန္ဒိယကံထိုက် ကာ သမိုင်းတွင်ပါယ်ဖျက်၍ မရသော အစွန်း အထင်းရှိခဲ့ဖူးသည့် အဇာတသတ်မင်းသား အကြောင်း အများသိကြ၏။ ၎င်းင်းမင်းသား သည် ဖခင်သတ်မှုဟူသည့် “ပိတုယာတက” ကံကြီးကို ကျူးလွန်မိခဲ့သဖြင့် မအိပ်နိုင်၊ မစားနိုင် တမှိုင်မှိုင် တစ်တွေတွေ ဖြင့် ကြောက်ရွံ့ တုန်လှုပ်ခံစားနေရလေသည်။ ၎င်းသေလျှင် မဟာအ၀ီစိငရဲကြီး၌ မလွဲမသွေကျခံရ တော့မည်ဖြစ်သည်။ အဇာတသတ်သည် ဘုရားရှင်ကို ဖူးမြော်ခွင့်ရရှိပြီး သရဏဂုံ ဆောက်တည်ရသည့်အချိန်မှ စ ၍ ကောင်းစွာအိပ်နိုင်၊ စားနိုင်ပါတော့သည်။ သရဏဂုံ၏ ကျေးဇူး ကြောင့်အဇာတသတ်မင်းသားသည် မဟာအ၀ီစိငရဲတွင် ကျခံရမည့်အစား လောဟကု မ္ဘီငရဲငယ်၌သာ ကျခံရလေ သည်။

ထို့ပြင် ရတနာသုံးပါးကို အားထား ယုံကြည်ရာ၌ မည်သူမျှလိုက်မမီ၊ ပထမသဂါင်္ ယနာတင်ဒကာလည်းဖြစ်ခဲ့သည်။ နောင် တစ်ချိန်တွင် ၀ိဇိတာဝီ အမည်ရှိ ပစ္စေက ဗုဒ္ဓါတစ်ဆူလည်းဖြစ်တော်မူ မည်ြဖစ်ပေသည်။ ဤသည်မှာ သရဏဂုံဆောက်တည်ြခင်း၏ အကျိုးကျေးဇူးလည်းဖြစ်လေသည်။

သရဏဂုံဆောက်တည်ဆောက်တည်သောသူ သည် ဖြစ်လေရာဘ၀၌ အောက်ပါအကျိုး ရှစ်မျိုးကို ရရှိနိုင်ပါ၏။

(၁) အများအပူဇော်ခရံ ခြင်း
(၂) ဉာဏ် အညာထက်မြတ်ခြင်း
(၃) မိမိပတ်ဝန်းကျင် မိမိ အလိုသို့ လိုက်ခြင်း
(၄) သူတကာ မနှိုင်းယှဉ်သာအောင် စည်းစိမ်ဥစ္စာ ခံစားရ ခြင်း
(၅) ရွှေအဆင်းကဲ့သို့ အသားအရေ ၀ါဝင်းလပှ ခြင်း 
(၆) အများချစ်မြတ်နိုးတန်ဖိုးထားခံရခြင်း
(၇) ခိုင်မြဲသောမိတ်ကောင်း၊ ဆွေကောင်း ရရှိခြင်း
(၈) ကျော်စောထင်ရှားခြင်း

ကျွန်တော်တို့သည်မိမိကိုယ်ကို ဗုဒ္ဓဘာသာအဖြစ်ခံယူလိုက်သည်နှင့် တပြိုင်နက်တည်း သရဏဂုံသုံးပါးကို မလွဲဧကန်ဆောက် တည်ကြရန်လိုပါ၏။ သက်တော်ထင်ရှားဗုဒ္ဓဘုရားမရှိတော့ သော်လည်း ဘုရားရှင်ကို လှူဒါန်းပူဇော်လိုလျှင် ဘုရားကိုရည်မှန်း၍ စေတီတော်၊ဆင်းတုတော် ကိုကိုးကွယ် နိုင်ပါ၏။ ဘုရားရှင် ၏ တရားဓမ္မနှင့် ဒေသနာတော်များကို နာ ယူဆပွားကိုးကွယ်နိုင်ပါ၏။ 

အရိယာသံဃာတော်တို့၏ဂုဏ်ကိုအာရုံပြု၍သံဃာတော်အရှင်မြတ်များကိုဆည်းကပ်နိုင်ပါ၏။ဤသို့လျှင် ဘုရား၊ တရား၊ သံဃာတည်းဟူသော သရဏဂုံ သုံးပါးကို အမြဲမပြတ်ဆည်းကပ်ကိုးကွယ် ယုံကြည်သက် ၀င်နေမည်ဆို လျှင် ဆောက် တည်သူအတွက် လက်တွေ့အကျိုးခံစားရ မည်ဖြစ်ပါကြောင်း တင်ပြရပါ၏။ ။

မြ၀တီနေ့စဉ်သတင်းစာ စာ (၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...