Social Icons

Pages

Wednesday, August 9, 2017

ဘားအံမြို့ ဝါခေါင်လချည်ဖြူဖွဲ့ ပွဲတွင် မယ်စကြဝဠာမြန်မာ အလှမယ်များ ပါဝင်ဆင်နွှဲ



ဘားအံ ၉-၈-၂၀၁၇

(၆) ကြိမ်မြောက် မယ်စကြဝဠာ မြန်မာအလှမယ်များသည် ကရင်ပြည်နယ် လူမှုရေး ခရီးစဉ်အဖြစ် ဘားအံမြို့၏ အထင်ကရဖြစ်သော ကြောင့်ကမ်လာဘ် (ကျောက်ကလာဘ်) စေတီတော်၌ပြုလုပ်သော (၂၁) ကြိမ်မြောက်ချည်ဖြူဖွဲ့မင်္ဂလာ၊ သက်ကြီးဘိုးဘွား ပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ရောက်ရှိကြကြောင်း သိရသည်။

မယ်စကြဝဠာ မြန်မာအလှမယ် ၃ဝ ဦးသည် ကရင်ပြည်နယ်သို့ လူမှုရေးခရီးစဉ် အဖြစ်ရောက်ရှိလာရာ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများက ကရင်ရိုးရာဒုံးအကများဖြင့် ကြိုဆိုကြသည်။

ထို့နောက် မယ်စကြဝဠာမြန်မာ အလှမယ်များသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြပြီး ဘားအံမြို့ အထင်ကရဖြစ်သော ကြောင့်ကမ်လာဘ် (ကျောက်ကလာဘ်)စေတီတော်တွင် ပြုလုပ်သော (၂၁) ကြိမ်မြောက် ချည်ဖြူဖွဲ့မင်္ဂလာ၊ သက်ကြီးဘိုးဘွား ၁၅ဝဝ ဦးပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲသို့ ကရင်ပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင် ပေးကြသည်။

မယ်စကြဝဠာ မြန်မာအလှမယ်များနှင့် အုပ်ချုပ်သူအဖွဲ့ဝင်များသည် ချည်ဖြူဖွဲ့ မင်္ဂလာခံယူရန်အတွက် ရှေးဦးစွာ ဝိသုဒ္ဓိကျောင်းဆောင်၌ ကြောင့်ကမ်လာဘ် ဆရာတော် အရှင်ဝိမလထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပဆင်နွှဲမည့် ချမ်းသာကြီးမြတ်စွာဘုရား ရင်ပြင်သို့ ကရင်တိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသား မောင်မယ်များ နှင့်အတူသွားရောက်ကာ ဝါခေါင်လချည် ဖြူဖွဲ့မင်္ဂလာ ပါဝင်ဆင်နွှဲကြသည်။

အဆိုပါ မယ်စကြဝဠာ မြန်မာအလှမယ် အဖွဲ့သည် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ လူမှုရေးခရီးစဉ်အဖြစ် ဆက်လက်ထွက်ခွာသွားပြီး သြဂုတ် ၉ ရက်တွင် ဘားအံမြို့သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

ထို့ပြင် မြိုင်ကြီးငူဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များလေ့လာကြပြီး သြဂုတ် ၁ဝ ရက် ညနေ ၅ နာရီခွဲတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ TALENT SHOW ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...