Social Icons

Pages

Monday, July 17, 2017

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အမြင့်ပိုင်းရောက်ရှိနေပြီး ယခုလအတွင်း စိုးရိမ်ရေမှတ် ကျော်လွန်နိုင်



မန္တလေး ၁၇-၇-၂၀၁၇

မန္တလေးမြို့တွင် လက်ရှိဧရာဝတီ မြစ်ရေမှာ အမြင့်ပိုင်းသို့ ရောက်ရှိနေပြီး ယခုဇူလိုင်လအတွင်း မန္တလေးမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

''အခုဖြစ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် မိုးအခြေအနေ စောငြ့်ကည့်ရမယ်။ ရေအကျကလဲ နှေးမယ်၊ အောက်ဘက်ပိုင်း မှာလဲရေ တက်တက်နေတယ်။ မန္တလေးမှာလဲ မြစ်ရေက အမြင့်ပိုင်းမှာ ရှိနေတော့ အပေါ်က မိုးလိုက်လာရင် ဒီလထဲ  Danger Level ရောက်ရှိနိုင်တယ်''ဟု အဆိုပါ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်က ပြောပြသည်။

''အခုထိတော့ ရပ်ကွက်တွေထဲ ရေမဝင်သေးပါဘူး။ တစ်ပတ်ကျော်ကျော်ထိ စောင့်ကြည့်ရဦးမယ်။ ရေကင်းတွေတော့ ချထားပါတယ်။ အင်အားကို တအားမသုံးသေးပါဘူး။ ဒီထက်ပိုတက်လာရင် အင်အားပိုချ ထားမယ်။ ကြိုတင်ကာကွယ်ရေး အနေနဲ့ ရေဝင်မယ့် ရပ်ကွက်တွေမှာ ခြင်ဆေးဖျန်းတာ၊ ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ပညာပေးတာတွေလုပ်ပါမယ်''ဟု မန္တလေးတိုင်း ဒေသကြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ထောက်ပံ့ပို့ဆောင် ရေးအရာရှိ ဦးကျော်ကျော်က ပြောပြသည်။

လက်ရှိတွင် ရေကင်း ၁၆ ခုဖွဲ့စည်းထားပြီး မြစ်ဘေးမြို့နယ်များ ဖြစ်သည့် အောင်မြေသာစံမြို့နယ်တွင် ရေကင်း ငါးကင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ရေကင်း တစ်ကင်းနှင့် မဟာအောင်မြေ မြို့နယ်တွင် ရေကင်းနှစ်ကင်း ချထားကာ မန္တလေးတိုင်း ဒေသကြီးတွင် သဘာဝဘေး အန္တရာယ်ပံ့ပိုး ရေးပစ္စည်းများကို အိမ်ထောင်စု ၁ဝဝဝစာ အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

''မြစ်ရေဝင်လို့ ရွှေ့ပြောင်းရတာ တွေရှိတယ်လို့တော့ သိရပါတယ်။ စာရင်းဇယားတော့ အတိအကျမရ သေးပါဘူး။ အခုလက်ရှိတော့ ပုံမှန်ရေဝင် နေကျလောက် မရောက်သေးဘူးလို့ သိရပါတယ်။ မြစ်ရေတက်မယ့် နေရာ တွေမှာကာဖို့ မြို့နယ်အလိုက် သဲအိတ်တွေ ကြိုတင်ပြင်ဆင် ထားပါတယ်။ လိုအပ်တဲ့ ကယ်ဆယ်ရေးနဲ့ ပံ့ပိုးပစ္စည်းတွေ စုဆောင်းထား ပြီးသားပါ။ ပံ့ပိုးမှုတွေတော့ မစသေးပါဘူး''ဟု မန္တလေးတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းက ပြောပြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မန္တလေးတိုင်း ဒေသကြီး ရေဘေးကြိုတင် ကာကွယ်ရေးအတွက် ဖိုက်ဘာစက် တပ်လှေ ငါးစီး ဝယ်ယူရန် ငွေကျပ်သိန်း ၁၁ဝကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ ပံ့ပိုးပေးထားပြီး ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြချက် ပေါ်မူတည်ကာ လိုအပ်ချက်များ ပံ့ပိုးပေးရန်ရှိကြောင်း သိရသည်။

''တောင်သမန် ထဲကိုတော့ မြစ်ရေစဝင်တာ လေးရက်လောက်ရှိပါပြီ။ တအားကြီးတော့ ရေမတက်သေးဘူး။ တံတားကို ရောက်ဖို့ ခုနစ်ပေလောက် လိုပါသေးတယ်။ လောလောဆယ်တော့ ရေက တက်နေတုန်းပါပဲ''ဟု တောင်တမန် တံတားအကျိုး ဆောင်အဖွဲ့မှ ဦးစိုးဝင်းက ပြောပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းရေး ဌာနကလည်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မန္တလေး မြို့နယ်ခြောက်မြို့နယ်တွင် ရေကြီးရေလျှံမှုအတွက် သဲအိတ်ပေါင်း နှစ်သောင်း ကျော်ကို ကြိုတင်ပြင်ဆင်၍ ချထားကြောင်း သိရသည်။

ယနေ့တွင် ဧရာဝတီမြစ်ရေမှာ ပခုက္ကူ၊ညောင်ဦး၊ ဟင်္သာတ၊ ဇလွန်မြို့တို့တွင်စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေပြီး မန္တလေးမြို့၌ ၁၁၉၃ စင်တီမီတာသို့ ရောက်ရှိနေကာ အမြင့်ဆုံးစိုးရိမ် ရေမှတ်ဖြစ်သည့် စင်တီမီတာ ၁၂၆ဝသို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...