Social Icons

Pages

Tuesday, July 18, 2017

အင်းဝရှေးဟောင်း သုတေသနပြတိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများပြီး၍ ပြည်တွင်း၊ပြည်ပမှ ဝင်ရောက်ကြည့်ရှု လေ့လာသူများ ယခင်ကထက် ပိုမိုများပြားလာ



တံတားဦး ၁၈-၇-၂၀၁၇

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း အတွင်းရှိအင်းဝ ရှေးဟောင်းသုတေသန ပြတိုက်ကို အဆင့်မြှင့်တင် မွမ်းမံခြင်းလုပ်ငန်းများ ပြီးစီး၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ပြည်တွင်း၊ ပြည်ပမှ ဝင်ရောက်ကြည့်ရှု လေ့လာသည့် ခရီးသွား ဧည့်သည်များမှာ ယခင်ကထက်ပိုမို များပြားလာကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (အင်းဝမြို့ဟောင်း) မှ သိရသည်။

အင်းဝရှေးဟောင်း သုတေသန ပြတိုက်ကို ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ၊ အဆင့်မြှင့်တင် မွမ်းမံခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် ရန်အတွက် ၂ဝ၁၆ခုနှစ် စက်တင်ဘာလမှ စတင်၍ ခေတ္တပိတ် ထားခဲ့သည်။ ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယခုနှစ် မေ ၁၈ ရက်က ပြန်လည်ဖွင့်လှစ် ခဲ့ရာမှ ဝင်ရောက်ကြည့်ရှု လေ့လာသည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်မှာ ယခင်ကထက် ပိုမိုများပြား လာကြောင်း သိရသည်။

အဆိုပါ အင်းဝရှေးဟောင်း သုတေသနပြတိုက်တွင် ဗုဒ္ဓအနုပညာပြခန်း၊ စာပေ၊ ပန်းချီနှင့် ဗိသုကာပြခန်း၊ လူမှုအသုံးအဆောင်နှင့် လက်မှုပစ္စည်းများ ပြခန်းဟူ၍ အခန်းသုံးခန်းခွဲကာ ရှေးခေတ်လက်ရာများ ဖြစ်သည့် ရှေးဟောင်း ဘုရားဆင်းတုတော်များ၊ ရှေးဟောင်းတူရိယာ ပစ္စည်းများ၊ ရှေးခေတ် လူအသုံးအဆောင်ပစ္စည်းများ စသည့်အမျိုးအမည် ၂၆၄ မျိုးတို့ကို ခင်းကျင်းပြသ ထားကြောင်း သိရသည်။

လက်ရှိတွင် အင်းဝရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်းခရီးသွားများ အနေဖြင့် မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး ကမ္ဘာလှည့်ခရီး သွားနိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝနှုန်း ကောက်ခံလျက်ရှိကြောင်း၊ အဆိုပါပြတိုက်သို့ လာရောက်လည်ပတ် လေ့လာသည့် ပြည်ပခရီးသွား အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်က ၂၇ဦး၊ ပြည်တွင်းခရီးသွားများ အနေဖြင့် ၅၁၂၁ဦး ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် လက်ရှိအချိန်ထိ လာရောက် လည်ပတ် လေ့လာသည့် ပြည်ပခရီးသွား အနေဖြင့် ၁၄ဦး၊ ပြည်တွင်းခရီးသွားများ အနေဖြင့် ၃၃၈၃ဦး ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...