Social Icons

Pages

Thursday, June 15, 2017

မြိတ်ကျွန်းစုဒေသ ဂေဟစနစ်ဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် နိုင်ငံတကာရေပိုင်နက် ပိုင်းခြားသတ်မှတ်မှုဥပဒေများ ပညာရှင်များဆွေးနွေး



ရန်ကုန် ၁၅-၆-၂၀၁၇

မြိတ်ကျွန်းစု ဒေသတွင်ရှိသော ကျွန်းပေါင်း ၈ဝဝ ကျော်ကို ဂေဟစနစ်မပျက်စီးစေရန် စီမံခန့်ခွဲခြင်းနှင့် မြန်မာနိုင်ငံနှင့်ပင်လယ်ပြင် ရေပိုင်နက်တွင် ထိစပ်နေသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ရေပိုင်နက်ပိုင်းခြားသတ်မှတ် ထားရှိမှုအခြေအနေများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၌ ကျင်းပကြောင်း သိရသည်။

''မြန်မာနိုင်ငံနဲ့ ပင်လယ်ပြင် ရေပိုင်နက်တွေမှာ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံသုံးခုကြား ရေပိုင်နက် ပိုင်းခြားသတ်မှတ်မှု ဥပဒေနဲ့ပတ်သက်ပြီး ရေးဆွဲထား တာတွေကို မြန်မာ၊ တရုတ်နဲ့ အိန္ဒိယက ပညာရှင်တွေ ဆွေးနွေးတာပါ။ မြိတ်ကျွန်းစုဒေသမှာ ကျွန်းပေါင်း ၈ဝဝ ကျော်ရှိတယ်။ ဒီကျွန်းတွေရဲ့ ရေနေသတ္တဝါ၊ သန္တာကျောက်တန်းတွေ ပျက်စီးနေမှုကို ထိန်းသိမ်းထားရှိမှု၊ တရုတ်နိုင်ငံမှာဆိုရင် ကျွန်းပေါင်း ၁ဝဝဝ ကျော်ကို ဘယ်လိုနည်း ပညာတွေနဲ့ ထိန်းသိမ်းထားတယ်။ ဒီနည်းပညာတွေကို မျှဝေပြီး မြိတ်ကျွန်းစုရဲ့ဂေဟစနစ်တွေ မပျက်စီးအောင် ထိန်းသိမ်းနိုင်ဖို့ ဆွေးနွေးတာပါ'' ဟု မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်လွင် ကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့ရှိ အဏ္ဏဝါသိပ္ပံပညာဌာနမှ ပါမောက္ခဌာနမှူးများ၊ ဥပဒေဌာနမှ ပါမောက္ခဌာနမှူးများ၊ တရုတ်နိုင်ငံ South China Sea Institute (Xiamen University) မှ ပါမောက္ခများ၊ Indian Ocean University နှင့် Osmania University မှ ပါမောက္ခများအပြင် ပါရဂူဘွဲ့တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးပွဲခေါင်းစဉ်နှင့် ပတ်သက်၍ ဘာသာရပ်အလိုက် ဆွေးနွေးကြကြောင်း သိရသည်။

ယခုအခါတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဒေသ၏ ငါးသယံဇာတကျဆင်းမှု၊ သန္တာကျောက်တန်းများ ပျက်စီးမှုများကို ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်တွင်းပြည်ပမှ NGO အဖွဲ့များ နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...