Social Icons

Pages

Friday, June 23, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Black Sea Fleet ရေတပ်စခန်းဌာနချုပ်မှ Vice Admiral Kulekov Valaydii နှင့်တွေ့ဆုံဆွေးနွေး၊ စစ်ရေယာဉ်နှင့် ရေငုပ်သင်္ဘောတို့အား ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား Moskva စစ်သင်္ဘောကပ္ပတိန်  Lt. Commander OLEY GUK က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုနှုတ်ဆက်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် Black Sea Fleet ရေတပ်စခန်းဌာနချုပ်မှ Vice Admiral Kulekov Valaydii တို့ တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေငုပ်သင်္ဘော ROSTOV-NA-DONU အား သွားရောက်လေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား Moskva စစ်သင်္ဘောကပ္ပတိန်  Lt. Commander OLEY GUK အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ Sevastopol မြို့တွင်အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၃-၆-၂၀၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် Sevastopol ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ Black Sea Fleet ရေတပ်စခန်းဌာနချုပ်မှ Vice Admiral Kulekov Valaydii နှင့်တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ညွန့်ဆွေတို့ တက်ရောက်ကြပြီး Vice Admiral Kulekov Valaydii နှင့်အတူ Black Sea Fleet ရေတပ်စခန်းဌာနချုပ်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ Black Sea Fleet ရေတပ်စခန်းဌာနချုပ်မှ အရာရှိကြီးတစ်ဦးက Black Sea Fleet ရေတပ်စခန်းဌာနချုပ် သမိုင်းကြောင်းများ၊ ရုရှားနိုင်ငံ၏ တောင်ပိုင်းကာကွယ်ရေးအတွက် အရေးပါမှု အခြေအနေများ၊ သမိုင်းကြောင်း တစ်လျောက်စစ်ပွဲများအား အောင်မြင်စွာဆင်နွဲနိုင်ခဲ့မှုနှင့် ခေတ်သစ်စစ်ပွဲများအား ပါဝင်ဆင်နွဲနေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Sevastopol မြို့အတွင်းလှည့်လည် ကြည့်ရှုလေ့လာကြပြီး အမြန်သွားရေယာဉ်များဖြင့် မြောက်ပိုင်းဆိပ်ကမ်းရှိ Moskva ခရူဇာစစ်သင်္ဘောအား သွားရောက် လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား Moskva စစ်သင်္ဘောကပ္ပတိန် Lt. Commander OLEY GUK က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်ပြီး သင်္ဘောအတွင်း လိုက်လံရှင်းလင်းပြသရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များမေးမြန်း ဆွေးနွေးသည်။ယင်းနောက် သင်္ဘောပေါ်တွင် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်္ဘောကပ္ပတိန်အား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်္ဘောပေါ်ရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

အဆိုပါ Moskva ခရူဇာစစ်သင်္ဘောသည် ပဲ့ထိန်းဒုံးကျည်သယ်ဆောင်နိုင်သည့် သင်္ဘောအမျိုးအစားဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင်စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကာ သင်္ဘောကိုယ်ထည်အရှည် ၁၈၆ ဒသမ ၅ မီတာ၊ ဗျက် ၂၀ ဒသမ ၈ မီတာ၊ အမြင့် ၄၂ ဒသမ ၅ မီတာ၊ သင်္ဘောအလေးချိန် ၁၂၄၉၀ တန်ဖြစ်ကာ တစ်နာရီလျှင် ရေမိုင် ၃၂ မိုင်နှုန်း မောင်းနှင်နိုင်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေတပ်စခန်းဌာနချုပ်ရှိ သင်္ဘောအား Simulator ဖြင့် လေ့ကျင့်မောင်းနှင်ခြင်းနှင့် ရေတပ်စခန်းဌာနချုပ်မှ အသုံးပြုခဲ့သည့် လက်နက်များနှင့် တိုက်လေယာဉ် များသံချပ်ကာယာဉ်များအား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ကြသည်။

ယင်းနောက် တောင်ပိုင်းဆိပ်ကမ်းသို့ အမြန်သွားရေယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး ရေငုပ်သင်္ဘော ROSTOV-NA-DONU အား သွားရောက်လေ့လာကြရာ သင်္ဘောကပ္ပတိန် Lt. Commander Andrey Adamskiy က လိုက်လံရှင်းလင်း ပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်္ဘောကပ္ပတိန်အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ရေငုပ်သင်္ဘောသည် Kilo အမျိုးအစားဘက်စုံသုံးဒီဇယ်နှင့် လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင်စတင်ထုတ်လုပ် ခဲ့ခြင်းဖြစ်ကာ ကိုယ်ထည်အရှည် ၇၃ ဒသမ ၈ မီတာ၊ ဗျက် ၉ ဒသမ၉ မီတာ၊ ရေမျက်နှာပြင် ပေါ်အလေးချိန် ၂၃၅၀ တန်၊ ရေအောက်ငုပ်လျှိုးချိန် အလေးချိန် ၃၉၅၀ တန်ဖြစ်ကြောင်း သိရှိရသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များအား Vice Admiral Kulekov Valaydii က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ နေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း ရုရှားတပ်မတော် ရေတပ်တီးဝိုင်း အဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Vice Admiral Kulekov Valaydii အား အမှတ်တရဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့ပြီး သီဆိုကပြဖျော်ဖြေခဲ့သော ရုရှားတပ်မတော်ရေတပ် တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...