Social Icons

Pages

Thursday, February 9, 2017

YBS ယာဉ်လိုင်များမှ ယာဉ်များကို ထိန်းချုပ်နိုင်ရန် ICT စနစ်ကို စတင်တပ်ဆင်ပေးနေ



ရန်ကုန် ၊ ၉-၂-၂၀၁၇

YBS (Yangon Bus Servics) တွင် ပြေးဆွဲနေသည့် ယာဉ်များကို စောင့်ကြည့် ထိန်းချုပ်နိုင်မည့် သတင်း ဆက်သွယ်ရေးနည်း ပညာ(ICT) အခြေခံသော စနစ်များကို စတင်တပ်ဆင်ပေး နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရှိရသည်။

အဆိုပါ သတင်း ဆက်သွယ်ရေး နည်းပညာသည် အွန်လိုင်းမှတစ်ဆင့် ယာဉ်များရောက်ရှိ သည့်နေရာ၊ မောင်းနှင်သည့် နှုန်းများကို YRTA အဖွဲ့နှင့် ယာဉ်ပိုင်ရှင်များ သိရှိနိုင်သည့်အပြင် အဆိုပါ နည်းပညာများဖြင့် မှတ်တိုင်များတွင် ယာဉ်များ ရောက်ရှိသည့်အချိန် အတိအကျကိုလည်း သိရှိခြင်း၊ လက်မှတ်ငွေချေသည့် စနစ်ကိုလည်း သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ အများပိုင် ဘတ်စ်ကားစနစ်ကြီး ကိုလည်း ICTကို အခြေခံတဲ့ ခေတ်မီနည်းပညာ တွေကို အသုံးပြုပြီး ထိန်းချုပ်သွားပါမယ်။ အခုဆိုရင် YBS ကားအချို့ကို GPS စတင်တပ်နေပါပြီ။ မကြာခင်မှာ Ticketing စနစ်သစ်တွေကို စတင်လုပ်ပါမယ်။ တင်ဒါတွေလဲ စတင်ခေါ်နေပါပြီ။” ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က ပြောသည်။ လက်ရှိတွင် ကားစီရေ(၁၀၀)ခန့်ကို GPS စနစ်တပ်ဆင်ပြီးစီးခဲ့ပြီး အဆိုပါ GPS စနစ်ကို YBS (၃၇) လိုင်းရှိ ယာဉ်အချို့တွင် တပ်ဆင်ပြီးစီးခဲ့၍ ယာဉ်ရောက်ရှိသည့် နေရာ၊ ယာဉ်နံပါတ်နှင့် မောင်းနှင်နှုန်းများကို ခေတ်မှီ control စင်တာမှ တစ်ဆင့် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အများပိုင် ဘတ်စ်ကားလိုင်းများတွင် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် အကုန်ကျခံ တပ်ပေးမည်ဟုသာ သိရှိခဲ့ရပြီး၊ ကုန်ကျစရိတ် အသေးစိတ် အချက်အလက်ကို ရှင်းလင်းစွာ သိရှိခြင်း မရှိသေးကြောင်း YBS ကားပိုင်ရှင် တစ်ဦဖြစ်သူ ဒေါ်စန်းစန်းဝေ ကပြောသည်။ 

“ကျွန်မကားတွေကို GPS တွေ မတပ်ထားသေးဘူး။ ပထမ ပြောထားတာကတော့ အစိုးရကလဲ အကုန်ကျခံပြီးတော့ တပ်ပေးမယ် ပြောထားတယ်။ တစ်ချို့ ပြောတာကတော့ အရစ်ကျငွေသွင်း စနစ်နဲ့ တပ်ပေးမယ်လို့လဲ ပြောသံကြားတယ်။ GPS စနစ်တွေ တပ်ထားတာ ကောင်းတယ်လို့ ပြောတယ်။ ကိုယ့်ကားက ဘယ်နေရာ ရောက်နေတယ်။ ကားသွားနေတဲ့ လမ်းကြောင်းကို အိမ်ကနေသိလို့ရတယ်။ ဥက္ကဌ ပြောတာကတော့ ကောင်းကျိုးပဲ ပြောသွားတယ်။ မတပ်ရသေးတော့ ဆိုးကျိုးတော့ မသိရသေးဘူးပေါ့။” ဟု ဒေါ်စန်းစန်းဝေ က ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် နောက်(၃) လအတွင်းတွင် လက်မှတ်စနစ်များနှင့် အဆင့်ြ့မင့် ဘတ်စ်ကား မှတ်တိုင်စနစ်များ အတွက် တင်ဒါများကို ခေါ်ယူနေပြီဖြစ်ကြောင်း၊ YBS စနစ်သစ်ဖြင့် ပြေးဆွဲနေသော ကားစီးရေမှာ (၃၀၀၀) ခန့်ရှိနေကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...