Social Icons

Pages

Friday, January 20, 2017

ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ရှေးကလည်းမရှိ ၊ ယခုအထိလည်း မရှိသလို လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) ဆိုတာလည်း လုံးဝမရှိပါ


ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ရှေးကလည်းမရှိ ၊ ယခုအထိလည်း မရှိသလို လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) ဆိုတာလည်း လုံးဝမရှိပါ

( ဟံသာဝတီ ဦးအုန်းကြိုင် )

တစ်ဖက်နိုင်ငံမှာ စားဝတ်နေရေး မပြေလည် ကြသည့် ဘင်္ဂါလီလူမျိုး များသည် အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းသို့ နယ်နိမိတ်စည်းရိုးကို ချိုးဖောက် ကျော်ဖြတ်ကာ ကျူးကျော် ဝင်ရောက် လာခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။

ယင်းဘင်္ဂါလီ လူမျိုးတို့သည် မြန်မာနိုင်ငံတော် အနောက်ဖျားရှိ ရခိုင်ပြည်နယ် အတွင်းသို့ တရားမဝင် ဥပဒေမဲ့ တစိမ့်စိမ့်ကျူးကျော် ဝင်ရောက် လာခဲ့ကြရာမှ လူဦးရေ အားဖြင့် အလုံးအရင်းနှင့် ဖြစ်လာကြသည်။ ဘူးသီးတောင်၊ မောင်တောဒေသ တစ်ဝိုက်၌ ရှေးယခင် ကတည်းက ရေကြည်ရာ မြက်နုရာ လုပ်ကိုင်စားသောက် နေထိုင်လျက် ရှိကြသော ဒေသခံ တိုင်းရင်းသား ရခိုင်လူမျိုးတို့ကို မကြာခဏ ဆိုသလို ရန်မူတိုက်ခိုက် ကြလျက် မူရင်းနေထိုင်ရာ အရပ်ဒေသများမှ မောင်းထုတ်ပစ် ကြပြီးနောက် ၄င်း ဘင်္ဂါလီလူမျိုး အသိုက်အမြုံကြီးက နေရာယူ လိုက်ကြသည်။ ဤသို့ဖြင့် တစ်စတစ်စနှင့် ဘင်္ဂါလီတို့ အင်အားကြီးထွား ခဲ့ရသည်။

ရခိုင်မင်းဆက်သမိုင်း

ရခိုင်မင်းဆက် သမိုင်းကို ပြန်ကြည့်လျှင် ယခု ဘင်္ဂလားဒေ့ရှ် ဟု ခေါ်ဆိုကြသော ရှေးဘင်္ဂလား ပြည်သည် ရခိုင်ဘုရင် မင်းရာဇာကြီး ၏ သားတော် မင်းခမောင်း ခေါ် ဟူစိန်ရှား (ထိစပ်ရာ ဘင်္ဂလား မဟာမေဒင် အမည်ကို ယူထားသော ရခိုင်စစ်စစ်မင်း) က သက္ကရာဇ် ၉၇၃ ခုနှစ်မှ ၉၈၃ ခုနှစ်အထိ နန်းစံအုပ်ချုပ် ထားသော နယ်မြေဖြစ်သည်။ ထိုမင်းခမောင်း၏ လက်ထက်တွင် ဘင်္ဂလားပြည် အရှေ့ပိုင်း ဒက္ကားမြို့အထိ စိုးပိုင်သည်ကို မြန်မာနိုင်ငံ သမိုင်းတွင် တွေ့ရသည်။

ရှေးအစဉ်အဆက် ကတည်းက နေထိုင်ခဲ့ကြ

ခရစ်နှစ် ၁၅၅ဝ မှ ၁၆၆၆ (မြန်မာသက္ကရာဇ် ၉၁၁ မှ ၁ဝ၂၇) ခုနှစ်လောက် အထိ ရခိုင်မင်းတို့၏ လက်နက်တန်ခိုး ကြီးမားခဲ့၍ အနီးဝန်းကျင် တိုင်းငယ်ပြည်ငယ် များက လွန်စွာခံ့ညား ခဲ့ကြရသည်ကို တွေ့ရသည်။ ထိုမှ သက္ကရာဇ် ၁ဝ၂၇ ခုနှစ်တွင် မဂိုဘုရင်၏ လက်အောက်ခံ ဘင်္ဂလားနယ်စား က ပြန်လည် တိုက်ခိုက် သိမ်းယူသဖြင့် စစ်တကောင်းနှင့် ရာမူးတို့ကို ရခိုင်ဘုရင် စန္ဒသုဓမ္မ (၁ဝ၁၃-၁ဝ၄၅) က လက်လွှတ်ခဲ့ ရသည်။

ရှေးရခိုင်တိုင်းဆိုသည်ကား

မြန်မာနိုင်ငံ အနောက်ရိုးမ တောင်တန်းကြီး ကာဆီးထားသဖြင့် မြန်မာတို့နှင့် အဆက်အဆံ အကူးအသန်း ရှေးကတည်းက နည်းပါးခဲ့သည်။ ပင်လယ်ကမ်းခြေ တစ်လျှောက် တည်ရှိသော တိုင်းဖြစ်၍ နီးစပ်ရာ တိုင်းပြည် နိုင်ငံတို့နှင့် ဆက်သွယ် ပေါက်ရောက်မှုများ ခဲ့သည်။ ရခိုင်တွင် မင်းနေမြို့တော် ဖြစ်ဖူးသောမြို့ တို့ကား သက္ကရာဇ် ရှေ့နောက် အစဉ်အတိုင်း ဖော်ပြရသော် (၁) ရာမာဝတီ (သံတွဲနယ်)၊ (၂) ဓညဝတီ၊ (၃) ကျောက်ပန်းတောင်း၊ (၄) ဝေသာလီ (ကျောက်လှေကား)၊ (၅) ဓမ္မဝက်၊ (၆) ပရိန်၊ (၇) ချိပ်မြို့၊ (၈) တောင်ပုံ (နေရဉ္စရာ)၊ (၉) လောင်းကြက် နှင့် (၁ဝ) မြောက်ဦး တို့ဖြစ်သည်။ မြို့ဟောင်းဆိုသည်မှာ မြောက်ဦးမြို့ ကိုပင်ဆိုသည်။

သမိုင်းတစ်လျှောက်ကျူးကျော်သူများ

ဤသည့် ရခိုင်တိုင်း၏ သမိုင်းတစ်လျှောက် လေ့လာ ကြည့်သောအခါ ရခိုင်ပြည်နှင့် ထိစပ်လျက်ရှိသော ပြည်မှာ ဘင်္ဂလားပြည် ဖြစ်သည်။ ထို ဘင်္ဂလားပြည်မှ ဘင်္ဂလားသား တို့ကို ဘင်္ဂါလီလူမျိုးဟု ခေါ်ဆိုခဲ့ကြသည်။ ထိုဘင်္ဂါလီ လူမျိုးတို့သည် ရေကြည်ရာ မြက်နုရာ စီးမျောရင်း ထိစပ် လျက်ရှိသော ရခိုင်တိုင်း နယ်မြေများ အတွင်းသို့ တရားမဝင် ကျူးကျော်ချင်းနင်း ဝင်ရောက်လာခဲ့ကြ သူများဖြစ်သည်။ ရှေးအစဉ် အဆက်ခေတ် ကာလ ရခိုင်သမိုင်း၊ မြန်မာနိုင်ငံ သမိုင်း တစ်လျှောက် ပြန်ကြည့်လျှင် မြန်မာပြည်တွင် ဘင်္ဂါလီလူမျိုး တို့ကို တရားမဝင် နေရာပြောင်းရွှေ့ လာကြသူများ အဖြစ် တွေ့မြင်ရသည်။

ဘင်္ဂါလီလူဦးရေ လျှံထွက်ဖိတ်စဉ် ကျလာခြင်း

ယခု ၂၁ ရာစုသို့ ရောက်ရှိလာသော အခါ မြန်မာနိုင်ငံ တော်မှ ရှမ်းပြည်နယ် ၏ ဧရိယာ အကျယ်အဝန်း ပမာဏလောက်ပင် မရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂါလီ လူဦးရေမှာ သန်းပေါင်း ၂ဝဝ ကျော်မျှ ရှိလာပြီ  ဖြစ်သည့်အတွက် လူဦးရေ လျှံထွက်ဖိတ်စဉ် ကျရောက် လာခြင်းဖြစ်၍ ယနေ့ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ပြဿနာ ကြီးထွားလာရခြင်း ဖြစ်သည်။

ရိုဟင်ဂျာဆိုသည်မှာ

ထိုကဲ့သို့ လူဦးရေ မဆံ့မပြဲ ဖြစ်ရာမှ ဖိတ်စဉ်ကျရောက် သဖြင့် ရခိုင်ပြည်၏ ပိုင်နက်နယ်မြေ အတွင်း ကျူးကျော် ဝင်ရောက် လာကြသော ဘင်္ဂါလီတို့သည် ရခိုင်ပြည်နယ် ၏ ပိုင်နက်နယ်မြေ များကို သိမ်းပိုက်ပိုင်ဆိုင် ရယူလို လာကြသော အခါ လူမျိုး၏ အမည်ကို ''ရိုဟင်ဂျာ'' ဟု မှည့်ခေါ် လိုက်ကြသည်။ တကယ်တော့ ရိုဟင်ဂျာ ဟူသောစကား ၏ အနက်အဓိပ္ပာယ်မှာ ရိုဟင်=ရောဟင် ဆိုသည်က ရခိုင်ကို ဘင်္ဂါလီလို ခေါ်ခြင်းဖြစ်ပြီး ဂျာ ဆိုသည့် အဓိပ္ပာယ်က ရောက်သည်၊ ဆိုက်သည်၊ ဆိုက်ရောက်သည် ဟုဆိုသည်။ ထို့ကြောင့် ရိုဟင်ဂျာ၏ အနက်အဓိပ္ပာယ်မှာ ''ရခိုင်ပြည်သို့ ဆိုက်ရောက်လာသူ'' ဟု ထွက်ပါသည်။ ဤ ရိုဟင်ဂျာ ဆိုသော ဝေါဟာရမှာ သာမန်သုံး စကားသာဖြစ်၍ လူမျိုး တစ်မျိုး၏ အမည်နာမ ဝေါဟာရ မဟုတ်ပါ။

ရှေးကရှိခဲ့သည့်မြန်မာလူမျိုး (၁ဝ၁)ပါး

မြန်မာနိုင်ငံတော်တွင် ရှေးကတည်းက တည်ရှိနေထိုင် ခဲ့ကြသည့် လူမျိုး ၁ဝ၁ ပါးတို့၏ စာရင်းကို အသီးသီးသော တိုင်းကြီး၊ ခရိုင်၊ နိုင်ငံတို့၏ နယ်နိမိတ်အပိုင်းအခြား ပြဆိုရာ ကျမ်းတစ်ဆူ ဖြစ်သည့် ''ဇမ္ဗူတံဆိပ်ကျမ်း'' တွင် ဖော်ပြရာ၌ ရိုဟင်ဂျာ လူမျိုးဟူ၍ မပါရှိ မဖော်ပြခဲ့ပါ။ မည်သည့် ရှေးမှတ်တမ်းမှတ်ရာ တို့၌လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ မြန်မာနိုင်ငံတွင် မရှိပါ။

ဗိုလ်ချုပ်အောင်ဆန်းလက်ထက်

အလားတူ ၁၉၄၇ ခုနှစ် မေလက ရန်ကုန်မြို့ ဂျူဗလီ ခန်းမကြီး၌ ကျင်းပသော မြန်မာ့လွတ်လပ်ရေး အတွက် ဖဆပလ အဖွဲ့ချုပ် ပဏာမ ပြင်ဆင်မှု ညီလာခံတွင် တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်းစုံ တို့ ပါဝင်သည့် နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲကြစဉ်က မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးပေါင်း ၆၇ မျိုး စာရင်းတွင်လည်း ရိုဟင်ဂျာ မဆိုထားနှင့် ဘင်္ဂါလီလူမျိုး ကိုပင် ဌာနေ တိုင်းရင်းသား လူမျိုးများ စာရင်း၌ ထည့်သွင်း မထားပေ။

၂ဝဝ၈ အခြေခံဥပဒေ

ထို့အတူ ၂ဝဝ၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ် က သဘောတူညီ လက်ခံခဲ့သော တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး စာရင်းတွင်လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ ပါရှိသည်ကို မတွေ့ကြရပေ။

မသမာသူတို့၏အကျင့်စရိုက်

သို့သော် ယနေ့အခြေအနေ တွင်ကား ဘာသာရေး အရ ကမ္ဘာ့မျိုးတူသွေးတူ အင်အားကို စွဲကိုင်လျက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ အချုပ်အခြာ အာဏာကို ထိပါး နှောင့်ယှက် လာကြခြင်းသာ ဖြစ်သည်။ ဧည့်သည်သည် ဧည့်သည်သာလျှင် ဖြစ်၍ အိမ်ရှင်မဖြစ်နိုင်။ သို့သော် အိမ်ရှင် အခွင့်အရေး အပြည့်အ၀ လိုချင်ကြခြင်းမှာ အဓမ္မ တရားမဲ့ ကျူးကျော်လုယက် သိမ်းပိုက်လိုသူ တို့၏ အမူအကျင့်သာ ဖြစ်သည်။ ယနေ့ ကြုံတွေ့ နေရသော ကိစ္စရပ်များမှာ ၂ဝဝ၈ ခုနှစ် နိုင်ငံသား မှတ်ပုံတင် ဥပဒေအရ တိုင်းရင်းသား ဟုတ် ၊ မဟုတ် စိစစ်ရာမှ စလာသော ကိစ္စရပ်များသာ ဖြစ်သည်။ ခိုးဝှက်မှု၊ လုယက်မှုတို့ ပေါ်ပေါက် တော့မည့် အခြေအနေ မျိုးတွင် တရားခံတို့သည် မဟုတ်ပါ ၊ မမှန်ပါ ၊ မသိပါ ဟု အမျိုးမျိုး အကြောင်းပြ၍ အပြင်းအထန် ငြင်းဆန် ဆန့်ကျင်ကြလေ့ ရှိသော မသမာသူတို့ဒ အမူအကျင့် စရိုက်သာလျှင် ဖြစ်ပေသည်။

ဟိုတုန်းက မူဂျာဟစ်လို့သာ ခေါ်ခဲ့ကြ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်သွေးကြွ များသည် အစောပိုင်းက ၄င်းတို့ကိုယ်ကို ရိုဟင်ဂျာ ဟု မခေါ်ကြဘဲ မူဂျာဟစ် ဟုခေါ်ဆိုခဲ့ ကြသည်။ ၁၉၅ဝ ပြည့်နှစ် နှောင်းပိုင်း ကာလများအထိ ရိုဟင်ဂျာ ဟူသော အမည်ကို မသုံးသေး ဘဲ မြန်မာအစိုးရ ကလည်း ထို သတ်မှတ်ချက်ကို အသိအမှတ် မပြုသေးပေ။

မူဂျာဟစ်၊ ရိုဟင်ဂျာ၊ ခိုးဝင်ဘင်္ဂါလီ

ထိုအချိန်မှစ၍ ဘင်္ဂါလီဆူပူ အကြမ်းဖက် သူတို့၏ အပြုအမူ အခြေအနေ တို့ကို အကဲခတ် ကြည့်ကြလျှင် ၄င်း ဘင်္ဂါလီတို့သည် လက်နက်ကိုင် ထားစဉ်က မူဂျာဟစ်၊ လက်နက်ချ ကြတော့ ရိုဟင်ဂျာ၊ လက်နက်မဲ့ သွားပြန်တော့ ခိုးဝင်ဘင်္ဂါလီ ဟူ၍ အပြောင်းအလဲ အမျိုးမျိုး ပြုမူလုပ်ဆောင် ကြသည်ကို တွေ့ကြရမည် ဖြစ်သည်။

ရိုလိမ်ညာလူမျိုး

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အမည်ခံပြီး အကြမ်းဖက် လုပ်ရပ်တွေ ဆက်တိုက် ပြင်းထန်လာသည်မှာ တပ်မတော် အစိုးရခေတ် တစ်လျှောက်လုံး လိုလိုမှာ ဖြစ်သည်။ ယခု အစိုးရခေတ်တွင် သမိုင်းအလိမ်နှင့် ရိုလိမ်ညာ လူမျိုး ရှိနေကြောင်း ပုံဖော်ဖန်တီး ထားကြသည်။

သမိုင်းက အဆုံးအဖြတ်ပြုမည်

နိုင်ငံတကာမှ မူဆလင်ခေါင်းဆောင် အချို့ ဘေးတီး ပေးမှုကြောင့် ဤကဲ့သို့ပုံဖော် နေကြသော်လည်း သမိုင်း ဆိုသည်က ဖျောက်ပစ်၍ ရကောင်းသော အရာတော့ မဟုတ်ပါ။ မြန်မာနိုင်ငံတော် ရှိ လူမျိုးစု သန်းခေါင်စာရင်း သည် ခေတ်အဆက်ဆက် မပျောက်မပျက် ရှိပြီးသား ဖြစ်သည်။ ဤကိစ္စ ဤပြဿနာသည် သမိုင်းကသာ အမှန်အတိုင်း အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ၇၅ နှစ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု ၂၂ ကြိမ်ဖြစ်ခဲ့

ကမ္ဘာပေါ်တွင် ၁၉၃၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်များအတွင်း လူမျိုးတုံး သတ်ဖြတ်မှု အကြိမ်ပေါင်း ၂၂ ကြိမ်မျှရှိခဲ့ပြီး လူ့အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ကြ ရကြောင်းဖြင့် လေ့လာချက် မှတ်တမ်းများ အရ သိရှိရသည်။

မြန်မာတွင် ဒီလိုရက်စက်မှုမျိုး လုံးဝလုံးဝမရှိ

ဗုဒ္ဓဘာသာ သာသနာ ထွန်းကားသော မြန်မာနိုင်ငံတွင် ဤကဲ့သို့သော လူအများ အစုလိုက် အပြုံလိုက် မျိုးတုံး သတ်ဖြတ်မှု ဆိုသည်မှာ ဘယ်ခေတ်၊ ဘယ်အခါ၊ ဘယ်ကာလမှာမှ မရှိခဲ့ဖူးပါ။ ယခုဒီမိုကရေစီ အစိုးရခေတ် ရောက်လာသည့် အခါတွင်မှ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးရေး သန့်စင်မှု စသည်စသည် မဟုတ်မမှန် ပုံကြီးချဲ့ လုပ်ကြံသတင်းများ ထွက်ပေါ်လာမှု များနှင့်အတူ နောက်ကွယ်မှ သပ်လျှို သွေးခွဲ လက်မည်းကြီး သမားများလည်း အလျှိုအလျှို ထွက်ပေါ်လုပ်ကြံ ဖန်တီး လာကြသည်။ နိုင်ငံအချို့မှ လူအချို့တို့ ဆန္ဒပြပွဲများ ပြုလုပ်လာကြပြီး ပြည်ပနိုင်ငံ အချို့တွင် သွားရောက် အလုပ်လုပ်ကိုင် နေကြသော မြန်မာ နိုင်ငံသားများ ခြိမ်းခြောက်ခံ ရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံ ရခြင်းများ စသည့်ပဋိပက္ခ မျိုးစုံတို့ဖြင့် ဂယက်ထ ဆူပွက် သွားစေခဲ့သည်။

သံယောင်လိုက် ပွဲဆူအောင်လုပ်ခြင်း

ထို့အတူ ကုလသမဂ္ဂနှင့် တကွ နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် နိုင်ငံအချို့မှ တာဝန်ရှိသူ များကလည်း သံယောင်လိုက်ပြီး လူသားချင်း စာနာ ထောက်ထားမှု ပြကြ ပြောဆိုကြကာ ပဏ္ဏာယူခြင်း၊ စွက်ဖက်ခြင်း၊ ဖိအားပေးခြင်း များဖြင့် ပွဲလန့်တုန်း ဖျာခင်းကြရုံ မျှမက ပွဲဆူအောင်လည်း တွန်းပို့ကြ လေသည်။ မောင်တော အရေးအခင်း စတင်ခဲ့သည့် အောက်တိုဘာ ၉ ရက် နောက်ပိုင်းတွင် မူဆလင်ကွန်ရက် အဖွဲ့အစည်း အချို့တို့ လုပ်ကြံဖန်တီး ထားသည့် လူမျိုးစု အလုပ်အဖြစ် အင်တာနက် လူမှုကွန်ရက် တစ်ခုကို တည်ဆောက်ပြီး ဘင်္ဂါလီအကြမ်းဖက် သမားများကချည်း ခံနေကြရသည့် သတင်းများကို မဟုတ်မမှန်လုပ်ကြံဖန်တီးပြီး ထုတ်လွှင့် ခဲ့ကြသည်။

ထိုသို့ မဟုတ်မဟတ် လုပ်ကြံဖန်တီးမှု အမျိုးမျိုးနှင့် ထုတ်လွှင့်ချက် တို့ကို နိုင်ငံတကာ သတင်းမီဒီယာများ ထံသို့လည်း အစီအစဉ်ရှိရှိနှင့် ပို့ပေးခဲ့ကြသည့် အလျောက် ယင်း မီဒီယာများ ကလည်း လုပ်ကြံဖန်တီး သတင်းများကို တစ်လေသံတည်း လိုလို ဆင့်ပွား ထုတ်လွှင့်ခဲ့ကြ ရာမှ အတော်ပင်ပျံ့နှံ့ သွားခဲ့သည်။

လံကြုတ်သတင်းကြောင့် ဂယက်မထ

သို့သော် မြန်မာနိုင်ငံတွင်မူ ထိုလံကြုတ် သတင်းမှားကြောင့် ဂယက်မထပေ။ အဘယ်ကြောင့် ဆိုသော် မဟုတ်မမှန် လုပ်ကြံကြသော သတင်းများ ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသတင်း ထွက်ပေါ်ရာ မူလဇာစ်မြစ် အရင်းခံ အကြောင်းမှာ လုံခြုံရေး စောင့်ရှောက်ပေး နေကြသော တာဝန်ကျ ရဲတပ်ဖွဲ့ဝင် များကို အလစ်အငိုက် ဖမ်းပြီး တိုက်ခိုက်သတ်ဖြတ် သူတို့မှာ ဘင်္ဂါလီ လက်နက်ကိုင် အကြမ်းဖက်သမား များသာဖြစ်သည်။ ထိုမှ ပြဿနာ စတင်ခဲ့ရသည်။ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ထိုအခြေအနေ ဆိုးကို အချိန်မီ ဝင်ရောက် ထိန်းသိမ်း လိုက်သောအခါ ဘင်္ဂါလီ လက်နက်ကိုင် အကြမ်းဖက် သမားတို့က တိုက်ကွက် ပြောင်းပြီး တပ်မတော်က သူတို့ ကို မတရားသတ်ဖြတ် နေပါပြီ။ နှိပ်စက်ညှဉ်းပန်း နေပါပြီ။ ပိုင်နက်နယ်မြေ များမှ မတရားမောင်းထုတ် နေပါပြီ စသည် ဖြင့် အသံကောင်းလွှင့်၍ မဟုတ်မမှန် လုပ်ကြံဇာတ်ခင်း လိုက်သည်နှင့် ၄င်းတို့နှင့် အပေါင်းအပါ မိတ်ဖက် ဘာသာတူနိုင်ငံ များက လူသိရှင်ကြား မျက်စိစုံမှိတ်ပြီး ဟစ်ကြွေးကြ လေတော့သည်။ မြန်မာတို့က သူတို့ဘင်္ဂါလီ မူဆလင်မျိုးနွယ်စု တို့အား လူမျိုးတုံး သတ်ဖြတ် နေကြပါ ပြီဟု ကြွေးကြော် ဟစ်အော်ကာ ကမ္ဘာ့မူဆလင် အသိုင်းအဝိုင်း တို့ကို တပ်လှန့်လှုံ့ဆော် လေတော့သည်။

အမှန်တကယ်တော့ ဘင်္ဂါလီတို့၏ လုပ်ကြံသတင်း ဖြစ်ရပ်မှန်များသည် လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ရှားနေသည်။ အရှင်းလင်းဆုံးနှင့် ပြတ်ပြတ်သားသား ပြောရလျှင် ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံ မှာ ရှေးကလည်း မရှိ၊ ယခုအထိလည်း မရှိသလို လူမျိုးတုံး သတ်ဖြတ်ခြင်း ဆိုတာလည်း လုံးဝ မရှိကြောင်း ကမ္ဘာသိအောင် ကြေညာ မောင်းခတ် လိုက်ရပါသည်။

( ဤဆောင်းပါးသည် စာရေးသူ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...