Social Icons

Pages

Tuesday, January 24, 2017

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထား


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် NCA လက်မှတ်ရေထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် 
အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team- PPST ) မှ အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၄-၁-၂၀၁၇

NCA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆိုပြုချက်များ အပေါ် အခြေခံ၍ လေးနှစ်ခန့်အချိန်ယူ ဆွေးနွေးရေးဆွဲပြီး လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ကိုလည်း NCA အပေါ်တွင်သာ အခြေခံပြီး ဆက်လက် လုပ်ဆောင်နေကြောင်း တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲ တံခါးဖွင့်ထားပြီး ယင်းညီလာခံ အောင်မြင်စေရန် ဝိုင်းဝန်းလုပ်ဆောင် နေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team- PPST ) မှ အဖွဲ့ဝင်များနှင့် လက်ခံ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team- PPST) ဥက္ကဋ္ဌ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့်အတူ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) မှ ခွန်စိုင်း တို့ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တပ်မတော်အနေဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက် ခဲ့မှုနှင့် NCA လက်မှတ်ရေးထိုး ခဲ့မှု အခြေအနေ များ၊ တိုးတက်မှုအတွက် ညီညွတ်မှုဖြင့် စည်းကမ်း ဥပဒေနှင့်အညီ ထိန်းသိမ်း လုပ်ဆောင်ကြရန် လိုအပ်သည့် အခြေအနေများ၊ နှစ် ၇ဝ ခန့် ဖြတ်သန်းခဲ့ ရသည့် အတွေ့အကြုံများ အရ တပ်မတော် အနေဖြင့် ဒို့တာဝန် အရေးသုံးပါး ကို လုံးဝအထိအပွန်း မခံနိုင်သည့် အခြေအနေ နှင့် ငြိမ်းချမ်းရေးမူ ၆ ရပ်ချမှတ်ပြီး အလေး ထား လုပ်ဆောင်နေမှု အခြေအနေ များကို ရှင်းလင်း ပြောကြား၍ အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး မူဝါဒများ၊ မိမိ အဖွဲ့အစည်း၏ မူဝါဒများ အပေါ်တွင် အခြေခံ၍ အကြိမ်ကြိမ် အခါခါတွေ့ဆုံ ဆွေးနွေးပြီးမှ NCA ကို လက်ခံ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်၍ NCA ၏ မူဝါဒ များကိုသိရှိပြီး အားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကြရန် လိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ထို့နောက် PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးစေးဖိုး က နိုင်ငံရေးအရ အမြင့်ဆုံး အဆင့်ဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများသည် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ဘဲ နိုင်ငံရေး အရသာ ညှိနှိုင်းဆွေးနွေး ဖြေရှင်းရမည်ဟု
ခံယူကြောင်း၊ မိမိတို့အဖွဲ့ အနေဖြင့် NCA ကို အခြေခံပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော် တို့နှင့်အတူ ငြိမ်းချမ်းရေးကို ရရှိသည်အထိ ဆက်လက်ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြား၍ အဖွဲ့ဝင်များက လတ်တလော ရင်ဆိုင်နေရသည့် အခြေအနေ အခက်အခဲများ၊ ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွား ရမည့် လုပ်ငန်း အခြေအနေ များကို ဆွေးနွေး တင်ပြကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေဖြင့် NCA နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားသည့် အခြေအနေများ၊ လတ်တလော ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ၏ ပကတိ အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် ကြုံတွေ့ ခဲ့ရသည့် ပြဿနာ အခြေအနေများ၊ ဥပဒေနှင့်အညီ စဉ်းစား လုပ်ဆောင်ရန် လိုအပ်မှုများ၊ ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ယန္တရား လျင်မြန်ရေး ကိစ္စရပ်များကို ပြန်လည် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team- PPST ) ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် အဖွဲ့ဝင် များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...