Social Icons

Pages

Monday, January 23, 2017

အီရန်တွင် စီးပွားရေးတစ်နေရာရရန် တရုတ်နှင့်အပြိုင် ကြိုးစားနေသည့် ဂျပန် နှင့် အိန္ဒိယ



( ရှိန်းထက် )

၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူညီမှု ရရှိပြီးနောက် အီရန်သည် အရှေ့အလယ်ပိုင်း ဒေသတွင် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ အနေဖြင့် ပေါ်ထွက်လာသည်။ အမေရိကန်တို့က အီရန်၏ စွမ်းအင်ကဏ္ဍနှင့် ဘဏ်လုပ်ငန်းများတွင် အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံရန် စဉ်းစားထားသည်။

သို့သော် အီရန်တို့က နျူကလီးယား သဘောတူညီမှုတွင် ထည့်သွင်းထားသည့် ဒုံးကျည်စမ်းသပ်မှု များကို မရပ်တန့်သော အခါ အမေရိကန် အစိုးရဘက်က ဘဏ်လုပ်ငန်းနှင့် တခြားစီးပွားရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရေးကို ကန့်သတ်ချက်များ ထပ်မံ ထားရှိသည်။ ထို့ကြောင့် အီရန်မြေတွင် အမေရိကန် စီးပွားရေးသမား တို့က ရင်းနှီးမြှုပ်နှံရန် လက်တွန့်ခဲ့ ရသည်။

အီရန်အား ရေနံထုတ်လုပ်ခွင့် နှင့် တင်ပို့ခွင့်ကို အမေရိကန် အစိုးရက ဖွင့်ပေးသော်လည်း တိုက်ဆိုင်စွာပင် ရေနံဈေးနှုန်းများ ကျဆင်းနေကာ ရေနံ ထုတ်လုပ်သည့် နိုင်ငံများနှင့် နိုင်ငံတကာရေနံ လုပ်ငန်းရှင်များ အထိနာခဲ့သည်။ 

အရှုံးပေါ်သော ရေနံစက်ရုံများမှ အလုပ်သမား ရာထောင်ချီကာ အလုပ်ဖြုတ် ရသည်အထိ ဖြစ်ခဲ့သည်။ ယခုအချိန်ထိ ရေနံဈေးနှုန်း တည်ငြိမ်သည့် အဆင့်သို့ မရောက်သေးဘဲ နာလန် ထူနိုင်ရန် ပြန်လည်အားယူ နေရသည့် အဆင့်ပင် ရှိသေးသည်။ အီရန်အတွက် အထိနာသည့် ရေနံဈေးကွက် ပျက်စီးမှု ဖြစ်သည်။

ထိုနည်းတူစွာ အရှေ့အလယ်ပိုင်း ဒေသမှ ကာတာနှင့်ဒူဘိုင်း ကဲ့သို့ ရေနံအပေါ် အဓိကမှီခိုအားထားနေရသည့် နိုင်ငံများမှာလည်း နိုင်ငံတော် ဘဏ္ဍာငွေများ ထိခိုက်ကာ လူထု အထောက်အကူ ပြုရေးလုပ်ငန်းများတွင် အသုံးပြုမည့် ရန်ပုံငွေများ ကိုပင် လျှော့ချရသည် အထိ ဖြစ်ခဲ့သည်။

သို့သော် ရေနံထုတ်လုပ်မှု များကို ကန့်သတ် လိုက်ပြီးနောက် ဈေးကွက်ထဲတွင် ရေနံအများအပြား မရှိသောအခါ ရေနံဈေးနှုန်းများမှာ အနည်းငယ် တည်ငြိမ်သည့် အဆင့်သို့ ရောက်ရှိလာသည်။ အီရန် အတွက်လည်း စီးပွားရေး အလားအလာ ကောင်းများရရှိမည့် အချိန်အခါ နီးလာသည်ဟု ဆိုနိုင်သည်။ သို့သော် နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက်၍ ကုန်သွယ်ရန် အီရန်နိုင်ငံ အနေဖြင့် ပို့ဆောင်ရေး ကဏ္ဍနှင့် အခြေခံ အဆောက်အုံကဏ္ဍ အားနည်းမှုများက ရှိနေသည်။

ထို့ကြောင့် ၂ဝ၁၆ ခုနှစ်တွင် အီရန် အစိုးရသည် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်များကို ချုပ်ဆိုခဲ့ရာ ဂျပန်နှင့် အမေရိကန် တို့ထံမှ အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံရင်းနှီး မြှုပ်နှံမှုစာချုပ်၊ အိန္ဒိယထံမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ တန်သည့် စာချုပ်တို့ ချုပ်ဆိုနိုင်ခဲ့သည်။ အိန္ဒိယက ယခင်ကတည်းကပင် အီရန်နှင့် ရင်းနှီး မြှုပ်နှံမှုများရှိပြီး ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း အထိ အီရန်တွင် အိန္ဒိယ ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံကျော် အထိရှိသည်။

ယခု ရင်းနှီးမြှုပ်နှံမည့် ၅ ဒသမ ၅ ဘီလီယံနှင့် ဆိုလျှင် ၂ဝ ဘီလီယံနီးပါး အထိ အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုများ အီရန်သို့ရောက် ရှိလာမည် ဖြစ်သည်။ အီရန်တွင် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လာသည့်နောက်ပိုင်း ပြည်သူများကို အိန္ဒိယ ရင်းနှီးမြှုပ်နှံမှု နှင့်ပတ်သက်ပြီး စစ်တမ်းများ ကောက်ယူခဲ့ရာ ၇ဝ ရာခိုင်နှုန်းကျော် သော အီရန် ပြည်သူများက အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုကို အကောင်းမြင်ကြပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုကြသည်။

ယခု အီရန်တွင် စီးပွားရေးအရ မဟာဗျူဟာကျသည့် အိန္ဒိယနှင့် ဂျပန်တို့၏ စီမံကိန်းမှာ ချာဘာလာဆိပ်ကမ်း စီမံကိန်းဖြစ်သည်။ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံမည့် ယင်း ဆိပ်ကမ်းသည် ကာရေဗီယံ ပင်လယ်နှင့် ဟော်မုဇ် ရေလက်ကြား တို့ကို အကောင်းဆုံး ကုန်သွယ်မှု ပေးနိုင်မည့် လမ်းကြောင်းဖြစ်သည်။ ထို့ပြင် အာဖဂန်နစ္စတန် နှင့်ပါ ကုန်သွယ်ရေးအရ သဘောတူညီမှုရယူပြီးသား လမ်းကြောင်း ဖြစ်သောကြောင့် အီရန်၊ အာဖဂန်နစ္စတန်၊ ဂျပန်နှင့် အိန္ဒိယ လေးနိုင်ငံ၏ အဓိက ကျလာမည့် အရှေ့အလယ်ပိုင်း - အာရှ ဆက်သွယ်ပေးမည့် လမ်းကြောင်း ဖြစ်လာမည်။

အိန္ဒိယအတွက် ဖြစ်ပေါ်နေသည့် ကုန်သွယ်ရေး လမ်းကြောင်း အားနည်းချက် ကိုလည်း ထိုလမ်းကြောင်းက ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကာ အာရှ အလယ်ပိုင်းဘက် အားနည်းနေသည့် အိန္ဒိယအတွက် အဆင်ပြေ သွားမည် ဖြစ်သည်။ ထို့ပြင် ချာဘာလာ ဆိပ်ကမ်း စီမံကိန်းသည် တရုတ်၏ ပါကစ္စတန် နှင့် ဆောက်လုပ်နေသည့် ဂွါဒါဆိပ်ကမ်း စီမံကိန်းကို တန်ပြန်ပြီး ကုန်သွယ်ရေး မျှခြေဖြစ်စေမည့် စီမံကိန်းလည်း ဖြစ်သည်။

တရုတ်သည် ပါကစ္စတန်နှင့် ဂွါဒါဆိပ်ကမ်း စီမံကိန်းကို အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေး စီမံကိန်းအဖြစ် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ CPEC အနေဖြင့် အကောင်အထည်ဖော် နေခြင်းဖြစ်သည်။ 

မကြာမီကပင် ထိုစီမံကိန်း အတွက် ကင်းလှည့်ရေယာဉ် နှစ်စင်း ပါကစ္စတန် ကို တရုတ်တို့ ပေးခဲ့သည်။ ပါကစ္စတန်နှင့် သဘောတူ ထားသည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၏ တစ်စိတ်တစ်ပိုင်း လည်း ဖြစ်သည်။ အိန္ဒိယနှင့် ဂျပန်တို့ကလည်း တရုတ်၏ မဟာမိတ် နယ်မြေများ ချဲ့ထွင် လာခြင်းနှင့် စီးပွားရေး လမ်းကြောင်းများ ခင်းလာမှုကို ယှဉ်ပြိုင်နိုင်ရန် ပွင့်ထွက်လာမည့် အီရန် ဈေးကွက်ကို အဓိက အားထားကာ စတင် နေခြင်းဖြစ်သည်။ 

ထို့ပြင် အီရန်စွမ်းအင် ကဏ္ဍတွင် နောက်ထပ် ဘီလီယံနှင့် ချီသည့် ရင်းနှီးမြှုပ်နှံမှုများ ထပ်လုပ်နိုင်ရန် ဂျပန် နှင့် အိန္ဒိယတို့ ဆွေးနွေးနေကြပြီး ဂျပန် နည်းပညာကို အီရန်တို့ ရယူချင်သည့် အကွက်ကလည်း အီရန်မြေတွင် ဂျပန်တို့ ခြေချနိုင်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်နေသည်။

အိန္ဒိယက စီးပွားရေး တိုးတက်မှု ကမ္ဘာ့ပထမ နေရာကို ယူထားပြီး ထိုနေရာကို ဆက်လက်ထိန်းထား လိုသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များနှင့် ကုန်သွယ်ရေး ကဏ္ဍကို အဆင့်ဆင့် တိုးမြှင့်နေခြင်း ဖြစ်သည်။ တရုတ်၏ အားနည်းချက်က ပြည်ပပို့ကုန် ကဏ္ဍတွင် အားနည်းသွားပြီး ကုန်သွယ်ရေး ကဏ္ဍအားနည်း သွားသောကြောင့် ၄င်း စီးပွားရေးကဏ္ဍ ၆ ရာခိုင်နှုန်းသာ ရှိခြင်းဖြစ်သည်။

ထိုကဏ္ဍကို ပြန်လည် အားဖြည့်ရန် တရုတ်တို့ ယခုဥရောပ အထိပင် ကုန်သွယ်ရေး လမ်းကြောင်းများ ဖောက်လုပ် နေသည်။ ဇန်နဝါရီ ၁၉ ရက်က တရုတ် ကုန်သွယ်ရေး ရထား ဗြိတိန်သို့ ရောက်ရှိလာရာ ရေလမ်းကြောင်း နှင့် လေလမ်းကြောင်း ကုန်သွယ်ရေး ထက် အစစအရာရာ သက်သာသည့် လမ်းကြောင်း ဖြစ်ခဲ့သည်။ ထိုလမ်းကြောင်း မှ တရုတ်တို့ နှစ်စဉ် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ကုန်သွယ်ရေး တန်ဖိုးများ ရလာမည် ဖြစ်သည်။

ယခု အိန္ဒိယကလည်း တရုတ်နည်းတူ ကုန်သွယ်ရေး လမ်းကြောင်းများကို တိုးမြှင့်နေခြင်း ဖြစ်သည်။ စွမ်းအင်ကဏ္ဍ လိုအပ်ချက်သည် အမြဲတမ်း မြင့်မားလာနေ သည့်အတွက် ကမ္ဘာက သန့်ရှင်း စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အကြောင်း မည်သို့ပင် အော်အော် စွမ်းအင်၏ အခန်းကဏ္ဍတွင် ရေနံပါဝင်မှု ကဏ္ဍသည် လာမည့် ဆယ်စုနှစ်များအထိ အဓိကကျစွာ နေရာ ယူထားမည် ဖြစ်သည်။

ထို့ကြောင့် အီရန်ကို ဦးတည်ကာ အိန္ဒိယ နှင့် ဂျပန်တို့ ကုန်သွယ်ရေး လမ်းကြောင်းများ ဖောက်နေခြင်း ဖြစ်သည်။ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးကဏ္ဍ များတွင်လည်း အိန္ဒိယနှင့် ဂျပန်တို့ အီရန်မြေသို့ ဦးဆောင်ဝင်ရောက် နိုင်ရန် ကြိုးစားလျက် ရှိသည်။ သို့သော်လည်း တရုတ်ကို မီနိုင်ရန် ဂျပန်နှင့် အိန္ဒိယတို့ နှစ်နှင့်ချီ ကြိုးစားရဦးမည် ဖြစ်သည်။

တရုတ်နှင့် အီရန် ကုန်သွယ်ရေး တန်ဖိုးက အမေရိကန်ဒေါ်လာ ဘီလီယံရာ နှင့်ချီ ရှိနေသောကြောင့် ဖြစ်သည်။ ၂ဝ၁၇ ခုနှစ် အတွက် တရုတ်-အီရန် သဘောတူညီမှု က ကုန်သွယ်ရေး တန်ဖိုး ၆ဝဝ ဘီလီယံ ဖြစ်သည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် အီရန်က ဂျပန်၊ အိန္ဒိယနှင့် တရုတ်တို့ကို ယှဉ်ပြိုင်ခွင့် ပေးထားသည်။ ယင်းမှာ အီရန်၏ စီးပွားရေး ကစားကွက် ဖြစ်ပြီး ကြားထဲက အမြတ်ရမည့် အကောင်းဆုံး ဗျူဟာလည်း ဖြစ်သည်။ 

အိန္ဒိယနှင့် ဂျပန်တို့ က ထိုအကွက်ကို နားလည်ကောင်း နားလည် နိုင်သော်လည်း ဖွံ့ဖြိုးလာမည့် ဈေးကွက်ကြီး တစ်ခုနှင့် သူတို့ပြိုင်ဘက် တရုတ်ကို မျက်ခြည်မပြတ်ဘဲ သာလွန်စေရန် အကောင်းဆုံး နည်းလမ်းသည် အီရန်တွင် နေရာတစ်နေရာ ရရှိစေရန်နှင့် တရုတ်နှင့် ဈေးကွက်ဝေစု ယှဉ်ပြိုင်ရန် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...