Social Icons

Pages

Thursday, January 19, 2017

ပြည်တွင်း၌ အရည်အသွေးမြင့် ဆန်များထုတ်လုပ်ရန် အဆင့်မြင့်ဆန်စက်များ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး


ကျိုက်လတ် ၊ ၁၉-၁-၂၀၁၇

ပြည်တွင်း၌ အရည်အသွေးမြင့် ဆန်များ ထုတ်လုပ်ရန် လိုအပ်နေသော အဆင့်မြင့် ဆန်စက်များကို ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့၌ တည်ဆောက်လျက် ရှိရာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ အဆင့်မြင့် ဆန်စက်များ တည်ဆောက်နေမှု ပြီးစီးပါက မြန်မာနိုင်ငံအတွင်း ထိပ်တန်းဆန်စက် လုပ်ငန်းစုများကို တစည်းတလုံးတည်း တွေ့မြင်ရမည် ဖြစ်ပြီး စီမံကိန်း Phase-1 ကို မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါဆန်စက် များမှ တစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၆ဝဝဝဝ ခန့်တင်ပို့မည် ဖြစ်၍ ပြည်တွင်း စားသုံးရန် အဆင့်မြင့် ပေါ်ဆန်းနှင့် တန်းမြင့်ဆန် တန်ချိန် ၁၅ဝဝဝ ခန့် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စပါးခွံလောင်စာ သုံး၍ ဘွိုင်လာမှ ရေနွေးငွေ့ ထုတ်လုပ်ပြီး တာဘိုင်ကို လည်ပတ်စေကာ 440 V.2.2 MW လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်သည် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းတွင် ပထမဆုံးနှင့် အကြီးဆုံး စပါးခွံသုံး လျှပ်စစ်ထုတ်လုပ်သည့် စက်ဖြစ်ပြီး ယင်းစက်ကို အိန္ဒိယနိုင်ငံ Lucky Export ကုမ္ပဏီမှ မှာယူ တင်သွင်း၍ တည်ဆောက် နေခြင်းဖြစ်ရာ ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။ တစ်နေ့လျှင် တန် ၂ဝဝ ထုတ်လုပ်နိုင်သော စပါးပေါင်းစက် အပါအဝင် တစ်နေ့လျှင် တန် ၂၅ဝ ထွက် ဆန်စက်များ ကိုလည်းကောင်း၊ ၁၅ တန်ထွက် စပါးအခြောက်ခံ စက် နှစ်လုံး၊ ၁၇ တန်ထွက် စပါးအခြောက်ခံ စက်နှစ်လုံးကို တောင်ကိုရီးယား နိုင်ငံမှ မှာယူတည်ဆောက် နေမှုသည်လည်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် မှ ၅၅ ရာခိုင်နှုန်း၊ Golden Lace Co.,Ltd. မှ ၄၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...