Social Icons

Pages

Tuesday, September 20, 2016

ခါးနာသူများ ( Low Back Pain )


ခါးနာသူများ ( Low Back Pain )

ဒေါက်တာ လွင်သန့်

ခါးနာသူများ ဆိုရာမှာ လူတိုင်း ကြုံရဖူး ပါလိမ့်မယ်။ ''ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်'' ဆိုသလို ကိုယ့်ရဲ့ ကျန်းမာရေးကို မိမိရဲ့ အတွေ့အကြုံ အသိဉာဏ်နဲ့ မိမိကိုယ်တိုင်စောင့်ရှောက် ရမယ်။ ခါးနာခြင်းမှာ ခါးတစ်ဝိုက်ရှိ အရိုးများ၊ အရွတ်များ၊ ကြွက်သားများနဲ့ ဆက်စပ်နေ ပါတယ်။

ခါးနာခြင်းဟာ အလေးမခြင်း၊ ခါးကုန်းခြင်း၊ အားစိုက်မရခြင်း တို့ရဲ့ရလဒ်တစ်ခု ဖြစ်လာတယ်။ ခါးနာခြင်း ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း ပြန်လည် ပျောက်ကင်း သွားတတ်ပေမယ့် မကြာခင် ပြန်ဖြစ်တတ် ပါတယ်။ ခါးနာခြင်းဟာ ကျောပြင် အောက်ပိုင်း (ခါးပိုင်း) ထိခိုက်စေခြင်း ဖြစ်ပြီး သာမန် ဖြစ်ပွားကာ ရေရှည် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လေ့ မရှိပါဘူး။ တချို့က အာရုံကြော အရင်နာကျင်မှုနဲ့ ဆက်စပ် နေတယ်။ ယင်း ခါးနာမှုက အဖြစ်မများဘဲ ငါးရာခိုင်နှုန်း လောက် ခံစားကြ ရတယ်။

လူတစ်ဦးနဲ့ တစ်ဦး ကွဲပြားခြားနား နိုင်တယ်။ ခါးရိုး တစ်လျှောက် ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း၊ အားနည်းသလို ခံစားရခြင်း၊ ပင်အပ်နဲ့ ဆွသလို တဆစ်ဆစ် နာကျင်ခြင်း၊ မထနိုင်၊ မအိပ်နိုင်တဲ့ အထိ ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတဲ့ အခါ သို့မဟုတ် နှာချေတဲ့ အခါ ခါးနာတာ ပိုဆိုးတတ် သလို ခါးပိုင်းမှာရှိတဲ့ ကြွက်သားတွေ နာကျင်မှုရှိတဲ့ ကြွက်တက် ကျုံ့ဝင်ခြင်း၊ ကြွက်တက်ခြင်း ဖြစ်နိုင်တယ်။ နာကျင်မှု သိပ်ဆိုးရင် (၁) ဆီးသွား ခက်ခဲခြင်း၊ (၂) အိပ်စက် အနားယူဖို့ ခက်ခဲခြင်း နဲ့ စိတ်ဓာတ်ကျ ခြင်းတို့ ဖြစ်နိုင်ပါတယ်။

ခါးနာစေတဲ့ အကြောင်းများစွာ ရှိပါတယ်။ နာကျင်မှုက နေ့စဉ်ရက်ဆက် ဖြစ်လာတယ်။ ကားမောင်းစဉ် ကိုယ်အနေအထား မှားယွင်းခြင်း၊ ကုလားထိုင်ပေါ် ထိုင်စဉ်၊ အိပ်စဉ် ကိုယ်အနေအထား မှားယွင်းခြင်း သို့မဟုတ် အောက်ခံရောဂါ တချို့ရဲ့ ရလဒ် (ဥပမာ-အရိုးတီဘီ) ရောဂါတချို့ရဲ့ ရလဒ် တစ်ခုကြောင့် ဖြစ်နိုင်တယ်။ ခါးနာခြင်း ဖြစ်ရပ် အများစုဟာ သာမန်ခန္ဓာ ကိုယ်လှုပ်ရှားမှု များအနက် အခန့်မသင့်လို့ ဖြစ်ပြီး ငါးရာခိုင်နှုန်းက အာရုံကြော အရင် နာကျင်မှုကြောင့် ဖြစ်ပါတယ်။ နှစ်ရာခိုင်နှုန်း အထက်ဖြစ်စဉ်က ပြင်းထန်ဆိုးရွားတဲ့ ခါးရိုးဆစ် ပြဿနာနဲ့ ဆက်နွှယ် နေပါတယ်။ အကြောပျက်ခြင်း၊ အဆစ်အမျက် တစ်ခုရဲ့ အရွတ် ထိခိုက် ဒဏ်ရာရခြင်း၊ ခါးပိုင်း ထိခိုက်ဒဏ်ရာ ရခြင်း၊ ယာဉ်တိုက်မှု သို့မဟုတ် အားကစား ပြုလုပ်ရာမှ ဒဏ်ရာရမှု၊ ထိခိုက် ပျက်စီးခြင်း (လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း)၊ အောက်ခံအရိုး ရောဂါကြောင့် အရိုးကျိုးခြင်း (အရိုးပွရောဂါ)၊ ရောင်ရမ်းမှု ဆိုင်ရာ အောက်ခံရောဂါ ရှိခြင်း (ရုမတစ် အဆစ်အမျက် ရောင်နာ)၊ ယိုယွင်းပျက်စီး ရောဂါ၊ ကင်ဆာ (ဆီးကျိတ်ကင်ဆာ)၊ ပန်ကလိယ ကင်ဆာ၊ ပိုးဝင်ခြင်းတို့ ဖြစ်ပါတယ်။

သာမန် ခါးနာခြင်းကနေ ပိုဆိုးစေတဲ့ အကြောင်းတွေက ကိုယ်အနေအထား မမှန်ခြင်း၊ အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း၊ အချိန်ကြာကြာ ခါးကုန်းခြင်း၊ ခါးအထောက် အကူ အပြည့်အဝ မပေးနိုင်တဲ့ ကုလားထိုင် တစ်လုံးမှာ ထိုင်ခြင်း၊ ကျန်းမာရေးနဲ့ မလျော်တဲ့ ပျော့လွန်းတဲ့ မွေ့ရာ၊ မာလွန်းတဲ့ မွေ့ရာပေါ်မှာ အိပ်စက်ခြင်း၊ အနားယူချိန် မရှိဘဲ အချိန် အကြာကြီး တောက်လျှောက် ကားမောင်းခြင်း၊ အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အလွန် လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးများ မယူခြင်း၊ သယ်ယူခြင်း၊ တွန်းခြင်း၊ ဆွဲယူခြင်းနဲ့ ခါးနာနေလျက် လေ့ကျင့်ခန်း၊ အားကစား လုပ်ခြင်း ဖြစ်ပါတယ်။

သာမန် ခါးနာခြင်းက ရက်အနည်းငယ် ကြာပြီး အလိုအလျောက် ပြန်ကောင်းသွားတယ်။ သာမန် အကိုက်အခဲ ပျောက်ဆေးဟာ နာကျင်မှုကိုသာ ပျောက်ကင်းစေ နိုင်တယ်။ ခါးနာခြင်းဟာ သီတင်းပတ် တစ်ပတ်ကျော် မသက်သာ သေးရင်၊ ခါးနာတာ အမြင့်က ပြုတ်ကျခြင်း သို့မဟုတ် ဒဏ်ရာရခြင်း၊ တစ်ခုခုဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်နဲ့ ပြသရမယ့် လက္ခဏာတွေက ခါးနေရာ တစ်ဝိုက်မှာ ပူခြင်း၊ နီခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်မှု ဟာ ခြေသလုံးနဲ့ ဒူးနောက်ပိုင်း အထိ ဆင်းသွားခြင်း၊ ခြေသလုံး တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ ထုံကျဉ်မှု သို့မဟုတ် အားနည်းမှု ရှိခြင်း၊ ဆီးမထိန်း နိုင်ခြင်း၊ ဝမ်းမထိန်း နိုင်ခြင်း၊ အိပ်မရအောင် ခါးနာခြင်းတို့ ဖြစ်ပါတယ်။

ဆရာဝန်က လူနာစတင် ဖြစ်ပွားတာ ကနေ ပြသချိန်အထိ ခံစားချက်များ မေးမြန်း နားထောင်ကာ စမ်းသပ် စစ်ဆေးတာတို့ မလွဲမသွေ လုပ်ကြည့်ရမှာ ဖြစ်တယ်။ ခါးနာတာက ကြာသင့်တာထက် ပိုကြာရင် သို့မဟုတ်
ခါးနာခြင်းဟာ တခြားအကြောင်း တစ်ရပ်ကြောင့်လို့ ဆရာဝန်က သံသယဝင်ရင် ဓာတ်မှန်ရိုက်ခြင်း၊ စီတီစကင်နဲ့ သံလိုက်ဓာတ်မှန် ရိုက်ခြင်းဖြင့် အဖြေရှာမှာ ဖြစ်တယ်။ ဓာတ်မှန် ကြည့်ခြင်းဖြင့် ကျောရိုးရဲ့စုတ်ပြဲမှု၊ ပျက်စီးမှုနဲ့ အရိုးကျိုးခြင်း၊ အက်ခြင်းများ တွေ့ရနိုင်တယ်။ တီဘီ အတွက် သလိပ်စစ်သလို ရင်ခေါင်း ဓာတ်မှန် ရိုက်ကြည့်မှာ ဖြစ်တယ်။

သွေးစစ်ခြင်းဟာ နာကျင်မှုနဲ့ တိကျတဲ့ အကြောင်းရင်းေ တွကို သတ်မှတ်ပေး နိုင်တယ်။ ဥပမာ-ပိုးဝင်ခြင်း၊ အကျိတ်ဖု၊ အဆစ်အမျက်ရောင်၊ လေးဖက်နာပိုး စသဖြင့် သိနိုင်တယ်။ ကွန်ပျူတာ ဓာတ်မှန်နဲ့ သံလိုက် စက်ကွင်း ဓာတ်မှန်က အရိုး ပတ်ဝန်းကျင်ရှိ တစ်သျှူးများရဲ့အသေးစိတ် ရုပ်ပုံများကို သိစေ နိုင်ပါတယ်။ ခါးနာခြင်းကို သက်သာ ပျောက်ကင်းအောင် (ချိကုန်၊ ထိုက်ချီ၊ ယောဂထိုင်ခြင်း)၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း တို့လုပ်သင့် ပါတယ်။ ရွရွပြေးခြင်း၊ ဘောလုံး ကစားခြင်း၊ ဂေါက်သီးရိုက်ခြင်း၊ ကျွမ်းဘား ကစားခြင်း၊ အလေးမခြင်း၊ အထပ်တက်ခြင်း တို့ ရှောင်ရပါမယ်။

အရိုးအဆစ် ရောင်ရောဂါ ရှိသူများဟာ အစားအသောက် ဆောင်ရန်၊ ရှောင်ရန် ရှိပါတယ်။ ယူရစ်အက်စစ် များလို့ဖြစ်တဲ့ ဂေါက်ရောဂါ၊ အဝလွန်လို့ ဖြစ်တဲ့ အရိုးကျီးပေါင်းတက် ရောဂါတို့မှာ အစားအသောက် ဆင်ခြင်ရမယ်။ နွားနို့ပူပူလေး တစ်ခွက် နေ့စဉ်သောက် သင့်တယ်။ ရေများများ သောက်ပေးရမယ်။ ယူရစ်အက်စစ် မြင့်စေတဲ့ ကိုယ်တွင်း ကလီစာ၊ ငါးဥ၊ မျှစ်၊ ပဲမြစ်၊ အစေ့အဆန်များတဲ့အသီးများ၊ ဘီယာ၊ ဝိုင်နဲ့ စည်သွတ်ဘူးများ ရှောင်ကြဉ် သင့်တယ်။ အမဲသားနဲ့ ပင်လယ်စာ (ခရု၊ ပြည်ကြီးငါး) ရှောင်ရမယ်။ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ အာလူးတို့မှာ ပါတဲ့ အယ်ကာလွိုက် ဓာတ်တစ်မျိုးက လူများ အဆစ်ရောင် စေလို့ ဆင်ခြင်သင့် ပါတယ်။

ကိုယ်အလေးချိန် အချိုးအဆဟာ ဘီအမ်အိုင် ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ ကြားရှိရမယ်။ ဘီအမ်အိုင် ဆိုတာ အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့် မီတာ (နှစ်ထပ်ကိန်း) နဲ့စားလို့ရတဲ့ ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန် လျှော့သင့်တယ်။ အဝလွန်သူ များဟာ ကိုယ်လက်လှုပ်ရှားမှု အားနည်းသလို အဆမတန် စားသုံးခြင်းကြောင့် ကိုယ်ရဲ့ အလေးချိန်ကို ခါးကမနိုင်ဘဲ မကြာခဏ ခါးနာ တတ်ပါတယ်။ အဝလွန်မှုကို လျှော့ရမယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ အစားအသောက် လျှော့စားရမယ်။ ညစာ ထမင်းမစားဘဲ ပေါင်မုန့်၊ ဘီစကွတ်၊ ဆန်ပြုတ်၊ ခေါက်ဆွဲ စားရင်လည်း ကိုယ်အလေးချိန် မလျော့ဘဲ ဝမြဲ ဝနေပါမည်။ တစ်ခါစား ၁၂ ဇွန်းထက် ပိုမစားဘဲ ဟင်းချိုရည် သို့မဟုတ် ဟင်းသီးဟင်းရွက် ကြော် များများ စားပေးသင့်တယ်။ ပြည့်ဝဆီနဲ့ စီမံထားတဲ့ လမ်းဘေး စားသောက်ဆိုင်များ၊ Snaps များဖြစ်တဲ့ ဟမ်ဘာဂါ၊ ပီဇာ၊ ဆင်းဒဝစ်၊ အာလူးချောင်းကြော် တို့ ရှောင်ရမယ်။ ဝမ်းမှန်၊ ဆီးမှန်ရမယ်။

ကျီးပေါင်းတက်ခြင်း၊ ခါးဆစ်ရိုးကျွံခြင်း က အာရုံကြော စပြီးထွက်တဲ့ နေရာမှာ ဖိနှိပ်တာခံ ရလို့ အာရုံကြော နာကျင်မှုကို ဖြစ်စေပါတယ်။ ပစ္စည်းသယ်ခြင်း၊ မခြင်းတို့ ပြုလုပ်ရာတွင် ဆွဲမယူခြင်း အစား ထိုင်ပြီးမ ယူသင့်ပါတယ်။ စနစ်တကျ အိပ်စက်သင့်တယ်။ အနေအထား မှန်မှန်ထိုင်ပြီး အလုပ်လုပ်သင့် ပါတယ်။ အချုပ်အားဖြင့် ဆိုရသော် ခါးနာခြင်းကို မပေါ့ဆသင့်ပေ။ တတ်ကျွမ်း နားလည်သည့် ဆရာဝန်များနှင့် စနစ်တကျပြသ၍ ကုသသင့်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...