Social Icons

Pages

Wednesday, September 14, 2016

၂၀၁၆ ခုနှစ်အတွင်း ငှက်မျိုးစိတ် လေ့လာလိုသူ ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်



မန္တလေး ၊ ၁၄-၉-၂၀၁၆

ကမ္ဘာပေါ်၌ တွေ့ရခဲသော ရှားပါးငှက် မျိုးစိတ်များကို မြန်မာနိုင်ငံ အတွင်း တွေ့ရှိနေရ သဖြင့် ၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အပြင် ငှက်မျိုးစိတ်များကို လေ့လာလိုသည့် နိုင်ငံခြား ခရီးသွား ဧည့်သည် များလည်း ပိုမိုဝင်ရောက် လာနိုင်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။

''ငှက်ကြည့်ဖို့လာတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဝင်ရောက် လာပါတယ်။ ဒီနှစ်မှာလည်း ပိုပြီးဝင်ရောက် လာနိုင်တယ်။ မြန်မာနိုင်ငံ မှာက တခြား ဘယ်နိုင်ငံမှာမှ မရှိတဲ့ ငှက်မျိုးစိတ် ခြောက်မျိုး ရှိပါတယ်။ နောက်ပြီး တခြား ငှက်မျိုးရင်း များစွာလည်း ရှိတဲ့အတွက် ငှက်ကြည့် ဝါသနာပါတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ လာရောက် လေ့လာကြ တာပါ'' ဟု မန္တလေးမြို့မှ ခရီးသွား လုပ်ငန်းရှင် မထက်ထက် က ပြောသည်။

ခရီးသွားရာသီ ဖြစ်သည့် ဆောင်းရာသီ တွင် ဆောင်းခိုငှက် အများအပြားကို တွေ့ရှိနိုင်ပြီး ကမ္ဘာ့ရှားပါး မျိုးစိတ်ငှက်များ ဖြစ်သည့် ငှက်မင်းသား ဝမ်းဖြူ၊ မျက်ခုံးဖြူ ငှက်ပြာခြောက်၊ စွေ့ငှက်၊ မြန်မာ ဘီလုံးငှက်နှင့် နဖားကြူးငှက် တို့ကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ စက်တင်ဘာ လတွင် တွေ့ရှိရသဖြင့် ပြည်ပ ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ငှက်မျိုးပေါင်း ၅ဝ ကျော် တွေ့ရှိနိုင်ပြီး မျက်ခုံးဖြူ ငှက်ပြာခြောက် ကို ချင်းတောင်တန်း များ၌သာ တွေ့ရှိနိုင်ကာ တောင်ငုံးငှက်များ ကို တနင်္သာရီတိုင်း ဒေသကြီး၌ တွေ့ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ငှက်ကြည့် ဝါသနာပါသော နိုင်ငံခြားခရီးသွား ဧည့်သည်များ သွားရောက် လေ့လာနိုင်သည့် ဒေသများမှာ ပုဂံ၊ အင်းလေး၊ ချင်းတောင်၊ ပုလိပ်အင်း၊ တောင်သမန်အင်း၊ စွန်ရဲအင်း၊ လှော်ကား ဥယျာဉ် နှင့် ကလောဒေသ တို့ဖြစ်ကြောင်း သိရသည်။ (အမ်အမ်ကေ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...