Social Icons

Pages

Wednesday, June 29, 2016

ကက်ရှ်မီးယား ကြောင့် တင်းမာမှုမြင့်တက် လာနိုင်သည့် အိန္ဒိယ နှင့် ပါကစ္စတန် ဆက်ဆံရေး




( ရှိန်းထက် )

ဧပြီလက အိန္ဒိယစစ်သား များ၏ ပစ်ခတ်မှုကြောင့် ကက်ရှ်မီးယား ပြည်သူ ငါးဦး သေဆုံးခဲ့ ရသည်။ ထို့ကြောင့် ရှေးဦးမဆွ ကာလများက သန္ဓေတည် လာခဲ့သော အိန္ဒိယ ဆန့်ကျင် ဆန္ဒပြမှု များသည် ကက်ရှ်မီးယား တွင် မပြီးဆုံးနိုင်ဘဲ ပိုမိုဆိုးရွား လာရတော့သည်။ အိန္ဒိယတို့၏ ကက်ရှ်မီးယား ထိန်းချုပ်မှု ပုံစံသည် အာဏာရှင် စနစ်ကဲ့သို့ ပြင်းထန် လွန်းလှသည်။ ဆန္ဒပြမှု များကို ထိန်းချုပ်၍ မရလျှင် လက်နက် အင်အား၊ လူအင်အား သုံးသည်။

နယူးဒေလီ၏ ပွင့်လင်းမှု မရှိသော ကက်ရှ်မီးယား စည်းမျဉ်းများကို ကုလသမဂ္ဂက ဝေဖန်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် အိန္ဒိယက သူတို့ မူအတိုင်း ဆန္ဒပြသူ များအား ပြောမရလျှင် ပစ်ခတ်သည့် စည်းမျဉ်းကို ယနေ့ အချိန်ထိ အသုံးပြုနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကက်ရှ်မီးယား သည် အိန္ဒိယမှ ခွဲထွက်ရန် ပိုမို အကြောင်းဖန် လာတော့သည်။

ကက်ရှ်မီးယား တွင် တစ်နေ့တခြား အိန္ဒိယ ကို လိုလားသည့် ဦးရေထက် ပါကစ္စတန် ကို လိုလားသည့် ဦးရေက ပိုများလာသည်။ ထို့ပြင် အိန္ဒိယတို့ ပစ်ခတ်မှုမှ ရလာသည့် အမွေဆိုး ဖြစ်သည့် အကြမ်းဖက် အုပ်စုတစ်စု ကလည်း ရှိနေသေးသည်။ အကြမ်းဖက် အုပ်စုကို ဦးဆောင်သည့် ခေါင်းဆောင် များသည် အသက်အရွယ် အားဖြင့် ငယ်ရွယ်ပြီး အိန္ဒိယစစ်သား တို့၏ ပစ်သတ်ခံ ရသော မိသားစုဝင်များမှ ပေါက်ဖွား လာသူများ ဖြစ်သည်။

ကက်ရှ်မီးယား တောင်ပိုင်းကို ဦးဆောင်နေသော အကြမ်းဖက် အုပ်စု၏ ခေါင်းဆောင် သည် ဘာဟန် မူဇာဖာဝါနီ ဖြစ်သည်။ ၄င်းသည် အသက်၂၃ နှစ်သာ ရှိသေးပြီး ၄င်း၏ အစ်ကိုဖြစ်သူ ခါလစ်ဒ် အား အိန္ဒိယစစ်သား များ၏ အသတ်ခံ ရမှုကြောင့် အိန္ဒိယ ဆန့် ကျင်ရေး သမား ဖြစ်လာရခြင်း ဖြစ်သည်။ အကြမ်းဖက် အုပ်စုဟု ဆိုသော်လည်း ပြည်သူ များကို သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်း မရှိဘဲ အိန္ဒိယစစ်တပ် ကိုသာ တိုက်ခိုက်ခြင်း ဖြစ်သည်။

အကြမ်းဖက် သမားနှင့် ပြောင်းပြန် ဖြစ်နေသူ များမှာ အိန္ဒိယစစ်တပ် ဖြစ်သည်။ အိန္ဒိယစစ်တပ် သည် ပြည်သူများ အပေါ် အကြမ်းဖက် အဓမ္မ ပြုကျင့်သည်။ ပြည်သူများ အပေါ် လက်နက် အားကိုးဖြင့် ပြဿနာ များကို ဖြေရှင်းနေသည်။ ထို့ကြောင့် ကက်ရှ်မီးယား ရှိ အိန္ဒိယစစ်တပ် နှင့် အကြမ်းဖက် အုပ်စု သည် ပြောင်းပြန် ဖြစ်နေခြင်း ဖြစ်သည်။

အိန္ဒိယတို့ အုပ်ချုပ်ထားသည့် ကက်ရှ်မီးယား တောင်ပိုင်းရှိ အကြမ်းဖက် အုပ်စုသည် ပါကစ္စတန်ကို လိုလားသူများ ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယတို့သည် သူတို့၏ ပိုင်နက်ထဲရှိ သူပုန်များကို ပါကစ္စတန် အစိုးရက စစ်လက်နက် ပစ္စည်း ထောက်ပံ့ ပေးနေသည်။ ကက်ရှ်မီးယား ပိုင်နက် တစ်ခုလုံးကို အပိုင်ရအောင် ကြံစည်နေသည် ဟု စွပ်စွဲသည်။ အမှန်မှာ အကြမ်းဖက် သမားများ ပေါ်ပေါက်လာရန် မောင်းနှင်ပေး သူသည် အိန္ဒိယ ကိုယ်တိုင်ပင် ဖြစ်သည်။

၂ဝဝ၈ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်များ ကြားတွင် ကက်ရှ်မီးယား သမိုင်း၌ အကြီးမားဆုံး ဆန္ဒပြမှုကြီး ဖြစ်ပွားခဲ့သည်။ လူငယ်များ ဦးဆောင်သော ကက်ရှ်မီးယား ဆန္ဒပြမှုကြီး တွင် လူပေါင်း ထောင်သောင်း ချီ၍ ပါဝင်ခဲ့ပြီး အပြစ်မဲ့ ဆယ်ကျော်သက် ပြည်သူ ၂ဝဝ ကျော် အိန္ဒိယစစ်သား များ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ အထူးသဖြင့် ကက်ရှ်မီးယား ရှိ အိန္ဒိယ အုပ်ချုပ်ရေးသည် လူငယ်များ အပေါ် ဖိနှိပ် လွန်းသည်။

ထို့ကြောင့် အိန္ဒိယစစ်သားများ ကက်ရှ်မီးယားတွင် လူငယ်များနှင့် သာ အမြဲတမ်း ထိပ်တိုက် တွေ့နေရခြင်း ဖြစ်သည်။ ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော ကက်ရှ်မီးယား တွင် အိန္ဒိယ စစ်သားများ လက်နက်သုံး ဖြိုခွင်းမှုသည် အကြမ်းဖက် အုပ်စုဟု ခေါင်းစဉ်တပ်ခံ ထားရသော ဟစ်ဇ်ဘူ မူဂျာဟစ်ဒင် အုပ်စုအတွက် လူသစ် စုဆောင်းရန် အကောင်းဆုံး နည်းလမ်းများ ဖြစ်လာရသည်။

ထို့ကြောင့် ယခု နောက်ပိုင်းတွင် ကက်ရှ်မီးယား မူဂျာဟစ် အုပ်စုသည် လူအင်အား ပိုမိုများပြား လာသည်။ အိန္ဒိယနှင့် အကြမ်းဖက် အုပ်စုတို့ တိုက်ပွဲဖြစ်လျှင် အကြမ်းဖက် သမားတို့ သေဆုံးခဲ့ပါက ကက်ရှ်မီးယား ပြည်သူတို့ သည် ဈာပန အခမ်းအနားကို လူထောင်ချီ တက်ပြီး ကျင်းပကြသည်။ အိန္ဒိယစစ်သား တို့ သေဆုံးလျှင်တော့ ဂရုမစိုက်ကြပေ။

အိန္ဒိယ အုပ်ချုပ်ရေးကို လက်မခံသည့် ကက်ရှ်မီးယား အကြမ်းဖက် လှုပ်ရှားမှုသည် ၁၉၈ဝ ပြည့်နှစ်များတွင် စတင်ခဲ့သည်။ ယင်း အကြမ်းဖက် အုပ်စုများကို ဖြိုခွဲရန် ထိုအချိန်က အိန္ဒိယ အစိုးရသည် စစ်သည် အင်အား
ငါးသိန်းခန့် အသုံးပြုခဲ့သည်။ ထိုစစ်သားများ သည် သူတို့ အကြမ်းဖက် သမားဟု သံသယရှိသူ မှန်သမျှကို မေးမြန်း စူးစမ်းခြင်း မရှိဘဲ သတ်သည်။ ထိုကာလက ကက်ရှ်မီးယားတွင် သေဆုံးခဲ့သူ ဦးရေသည် ခုနစ်သောင်းမှ တစ်သိန်းအထိ ရှိခဲ့သည်။

ယခုအချိန် ထိလည်း အိန္ဒိယတို့သည် ကက်ရှ်မီးယား တွင် မေးမြန်းစူးစမ်းခြင်း မရှိဘဲ သူတို့ သံသယရှိ သူကို ထောင်သွင်း အကျဉ်းချစနစ် ကျင့်သုံးနေဆဲ ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးသည် ကက်ရှ်မီးယား တွင် ပျက်စီး ယိုယွင်းနေကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ၊ ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။

အကယ်၍ ထိုတောင်ပိုင်း အိန္ဒိယအုပ်ချုပ်ခံ ကက်ရှ်မီးယား ပြည်သူများ ကက်ရှ်မီးယား ကို လူထုဆန္ဒ ခံယူပွဲပြုလုပ်ပြီး ပါကစ္စတန်ထဲ ဝင်ရန် တောင်းဆိုလာလျှင် သို့မဟုတ် ကက်ရှ်မီးယား သူပုန်တို့ တောင်းဆိုမှုနှင့် ပါကစ္စတန် တို့က ကက်ရှ်မီးယား လွတ်လပ်ရေး အတွက် စစ်လက်နက် အလုံးအရင်းနှင့် နောက်ကွယ်က ပံ့ပိုးကူညီ ပေးလိုက်လျှင် အိန္ဒိယနှင့် ပါကစ္စတန် သည် သမိုင်းဝင် ရန်သူတော် နှစ်ဦး နောက်တစ်ကြိမ် ထပ်မံ ထိပ်တိုက်တွေ့ဆုံ ရဦးမည် ဖြစ်သည်။ ထိုသို့ ဖြစ်ရန်လည်း အခြေအနေများက ဖန်လာသည်။ အိန္ဒိယ အုပ်ချုပ်သည့် ကက်ရှ်မီးယား နယ်မြေတွင် ပါကစ္စတန် ထောက်ခံမှုများက အများဆုံး ဖြစ်လာကာ ပြည်သူများက အိန္ဒိယအစိုးရ အတွက် ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံး တစ်လုံးကဲ့သို့ ဖြစ်နေသည်။ ယခုတစ်ကြိမ် ထိပ်တိုက်တွေ့ လျှင်တော့ အိန္ဒိယနှင့် ပါကစ္စတန် ဆက်ဆံရေး လည်း ပြတ်တောက်သွား နိုင်လောက်အောင် ဆိုးရွားသွား နိုင်သည်။

ထို့ကြောင့် ကက်ရှ်မီးယား ကြောင့်ပင် ယခုတစ်ကြိမ် လည်း အိန္ဒိယနှင့် ပါကစ္စတန် ဆက်ဆံရေးသည် ပိုမိုတင်းမာရန် လမ်းကြောင်း ပေါ်ကို ရောက်ရှိနေပြန် ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...