Social Icons

Pages

Friday, April 22, 2016

သင်္ကြန်ပိတ်ရက်တွင် လုပ်ငန်းခွင်ဝင်စေခြင်း နှင့်ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်း များသို့ တိုင်ကြားလာခြင်း မရှိ



ရန်ကုန် ၊ ၂၂-၄-၂၀၁၆

ယခုနှစ် သင်္ကြန်ကာလ နှစ်သစ်ကူး ပိတ်ရက်များတွင် အလုပ်သမား များအား အတင်းအကျပ် လုပ်ငန်းခွင် ဝင်စေခြင်းနှင့် ပတ်သက်၍ ဌာနသို့ ဆက်သွယ် တိုင်ကြားလာခြင်း မရှိသေးကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။

သင်္ကြန် ကာလတွင် အလုပ်သမား များကို ပိတ်ရက် ၁ဝ ရက်ပေးရန်နှင့် အလုပ်သမား များ၏ သဘောဆန္ဒ မပါဘဲ လုပ်ငန်းခွင် ဝင်စေခြင်း မပြုလုပ်ရန် သတိပေးမှုများ ပြုလုပ်ခဲ့ပြီး အလုပ်ခွင်သို့ ဝင်ခိုင်းပါက ဆက်သွယ် တိုင်ကြားရန် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြား ထားခဲ့သည်။

စက်ရုံ၊ အလုပ်ရုံများ၌ သင်္ကြန်ရက်ရှည် အလုပ်ပိတ်ရက် နှင့်ပတ်သက်၍ ယခုနှစ်တွင် ပြဿနာ တစ်စုံတစ်ရာ မကြားရသေး သော်လည်း ကုမ္ပဏီ လုပ်ငန်းနှင့် အရောင်းဝန်ထမ်း ကဲ့သို့သော လုပ်ငန်းများတွင် ပိတ်ရက် အပြည့်အဝ မရသည့် ဖြစ်စဉ်များ ရှိနေခဲ့ကြောင်း  မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS-TUSF) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခင်နှစ်များက သင်္ကြန် ပိတ်ရက်တွင် အလုပ်သမားများ၏ ဆန္ဒမပါဘဲ လုပ်ငန်းခွင် ဝင်ရောက်စေမှုနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် အလုပ်သမား အဖွဲ့အစည်း များထံသို့ တိုင်ကြားမှုများ မရှိကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ သိရသည်။

စက်ရုံ၊ အလုပ်ရုံများသို့ ဒေသ အသီးသီးမှ အလုပ်သမားများ လာရောက် လုပ်ကိုင်ကြ၍ သင်္ကြန်ရက်ရှည် ပိတ်ရက်တွင် မိမိဒေသ များသို့ ပြန်နိုင်ရန်နှင့် အနားယူမှုကို အပြည့်အဝ ရရှိစေရန် လုပ်ငန်းရှင် များအား ညွှန်ကြား ထားပြီး မြန်မာ နှစ်ဆန်းနှစ်ရက် မှစ၍ ပြန်လည် အလုပ်ဆင်းခွင့် ပေးထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...