Social Icons

Pages

Monday, April 25, 2016

မြန်မာ့သစ်တောထွက် ပစ္စည်းကဏ္ဍဖွံ့ဖြိုးရေး အတွက် အမေရိကန်အစိုးရ၏ တိုက်ရိုက် ကုန်သွယ်ခွင့်ပြုချက်သည် အရေးပါလာ



ရန်ကုန် ၊ ၂၅-၄-၂၀၁၆

မြန်မာ့ သစ်တောထွက် ပစ္စည်းများကို တင်ပို့ရောင်းချ ရာတွင် အမေရိကန် အစိုးရ၏ တိုက်ရိုက်ကုန်သွယ် ခွင့်ပြုချက် သည် အရေးပါ လာကြောင်း မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ထို့ပြင် အမေရိကန် အစိုးရ အနေဖြင့် မြန်မာ့ သစ်လုပ်ငန်းကို အရေးယူ ပိတ်ဆို့ထား သော်လည်း သစ်တင်ပို့မှုကို အကန့်အသတ်ဖြင့် ခွင့်ပြုပေး ထားကြောင်း၊ လက်ရှိတွင် အမေရိကန်အစိုးရနှင့် မြန်မာ့သစ် လုပ်ငန်းတို့ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပြီး မြန်မာ့ သစ်လုပ်ငန်းကို အမေရိကန် အစိုးရ၏ အရေးယူ ပိတ်ဆို့မှုမှ ပယ်ဖျက်ထားခြင်း မရှိသည့်အတွက် အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် သြစတြေးလျ နိုင်ငံတို့သို့ တရားဝင် သစ်တင်ပို့နိုင်ရန် ကြားခံအဖွဲ့ အစည်းမှ တစ်ဆင့် သစ်တင်ပို့ခွင့်ကို ယာယီ နှစ်နှစ် ရရှိထားကြောင်း၊ ယင်းအတွက် အမေရိကန် အစိုးရမှ အရေးယူ ပိတ်ဆို့ထားမှုများ ကို အလုံးစုံပြန်လည် ခွင့်ပြုပေးနိုင်ရန် မျှော်လင့် နေကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံမှ သစ်ဝယ်ယူမည် ဆိုပါက International Wood Products Association(IWPA) အဖွဲ့ဝင် များသာလျှင် ဝယ်ယူခွင့် ရရှိကြခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံမှ ကုမ္ပဏီများက တိုက်ရိုက်ဝယ်ယူခွင့် မရရှိကြောင်း၊ ယင်းကဲ့သို့ တင်ပို့ရာတွင် သစ်အချောထည် များသာမက တရားဝင်သစ်များ အားလုံးကို ဝယ်ယူနေကြ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အတွင်း သစ်အလုံးလိုက် တင်ပို့မှုကို တားမြစ် ထားကြောင်း၊ တရားမဝင် သစ်များကို ဝယ်ယူမည် မဟုတ်ဘဲ တရားဝင် သစ်ဖြစ်ကြောင်း အထောက် အထားများ ပြနိုင်မှ ဝယ်ယူကြခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် IWPA က မြန်မာနိုင်ငံမှ ကျွန်းသစ်ထုတ်ကုန် များကို ဝယ်ယူရန် စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပုံမှန်အတိုင်း ကုန်သွယ်နိုင်ရန် အထူးသဖြင့် သစ်တောထွက် ပစ္စည်းများနှင့် သစ်တင်ပို့မှုများ လုပ်ဆောင်ရန် အတွက် တာဝန်ယူမှု ရှိသည့် ကုန်သွယ်မှု ဖြစ်ပေါ်လာ စေရေး ပူးပေါင်း ဆောင်ရွက်နိုင်ရန် အကြံပြု တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။ 

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...