Social Icons

Pages

Tuesday, September 8, 2015

နိုင်ငံတစ်ဝန်း ရေကြီးမှုများကြောင့် လာမည့်စပါးပေါ်ချိန်တွင် စပါးအထွက်နှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် လျော့ကျနိုင်



ရန်ကုန် ၊ ၈-၉-၂၀၁၅

ကိုမန် မုန်တိုင်းကြောင့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခုတို့၌ ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာမြေများ ရေနစ်မြုပ် ပျက်စီး ဆုံးရှုံးခဲ့ရာ လာမည့် စပါးပေါ်ချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ အရ စပါးအထွက် နှုန်းသည် ယခင်ပုံမှန် ထွက်ရှိမှုထက် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် လျော့ကျ သွားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ခန့်မှန်း ထားသည်။

နိုင်ငံတစ်ဝန်း လယ်ယာမြေများ ပျက်စီး ဆုံးရှုံးမှုနှင့် ပတ်သက်၍ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ စက်တင်ဘာ ၃ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတို့၌ ရေနစ် မြုပ်ခဲ့သော လယ်ဧကပေါင်း ၁ ဒသမ ၄၆ သန်းနီးပါးရှိပြီး ပျက်စီးဆုံးရှုံး သွားသော လယ်ဧကပေါင်း ၈၄ဝဝဝဝ ကျော်ရှိသည်။ ယခုအခါ ရေနစ်မြုပ် ခဲ့သော လယ်ဧက လေးသိန်းကျော် တွင် စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်သော်လည်း လာမည့် စပါးပေါ်ချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စပါးထွက်ရှိမှု သည် ယခင်ပုံမှန် ထွက်ရှိနှုန်းထက် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် လျော့ကျ သွားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် စပါးပျိုးပင်များ ပျက်စီးဆုံးရှုံး သွားသော လယ်ယာမြေများ အတွက် နိုင်ငံတော်မှ မျိုးစပါးပံ့ပိုးပေး နေပြီး ဓာတ်မြေသြဇာ များနှင့် စက်ယန္တရားများ ဖြည့်ဆည်းပေး နိုင်စေရေး အတွက် စီစဉ်ဆောင်ရွက် နေပြီ
ဖြစ်သည်။ ထို့အပြင် တောင်သူ လယ်သမားများ အနေဖြင့် ဆန်ဈေးပြန်လည် ကျဆင်းလာ မှုကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ပင် မရရှိဘဲ အရှုံးပေါ်လာ နိုင်ခြင်းမှ အကာအကွယ်ပေး နိုင်စေရန် စက်တင်ဘာ ၁၅ ရက်မှ စတင်၍ ပြည်ပနိုင်ငံ များသို့ ဆန်ပြန်လည် တင်ပို့ခွင့်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။

လယ်သမားများ အနေဖြင့် ပြည်တွင်း၌ စပါးများ စိုက်ပျိုးထုတ်လုပ် ရာတွင် လိုအပ်သော ထွန်စက်၊ စက်သုံးဆီ၊ မြေသြဇာနှင့် ပိုးသတ်ဆေး စသည်တို့ကို ဝယ်ယူရာ ဒေါ်လာဈေး တက်သဖြင့် ပစ္စည်းဈေးနှုန်းများ မြင့်တက်လျက် ရှိသည်။ ထွက်ရှိလာသော ဆန်စပါးများကို ရောင်းချရာတွင် အတိုင်းအတာ တစ်ခုအထိ သင့်လျော်သော ဈေးကောင်း မရရှိပါက လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်သူ လျော့နည်းကာ နိုင်ငံတော်တွင် ဆန်စပါး အထွက်နှုန်းလည်း လျော့ကျ သွားနိုင်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...