Social Icons

Pages

Thursday, April 2, 2015

ယဉ်ကျေးမှုနယ်မြေများရှိ ဘုရားပုရိဝုဏ်တွင် လူနေထိုင်မှုကြောင့် အဆောက်အအုံများ ပိုမိုပျက်စီးနိုင်ပြီး ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်



မန္တလေး ၊ ၂-၄-၂၀၁၅

မန္တလေး ပတ်ဝန်းကျင်ရှိ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများတွင် ဘုရားပရိဝုဏ် အတွင်းသို့ လူနေအိမ်ခြေများ တည်ဆောက်၍ နေထိုင်ခြင်း များကြောင့် အဆောက်အအုံ နှင့် ယဉ်ကျေးမှု ပစ္စည်းများ ဆုံးရှုံးနိုင်ပြီး နိုင်ငံတကာ ခရီးသွား လုပ်ငန်းအတွက် Negative Sign များကို ဖြစ်ပေါ် စေကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အထူးသဖြင့် ပလိပ်ဒေသရှိ ဘုရားစေတီ ပုထိုးများတွင် လူနေထိုင်မှု များကြောင့် ယဉ်ကျေးမှု အဆောက်အအုံနှင့် မြင်ကွင်းများကို ကွယ်စေပြီး ပျက်စီး ဆုံးရှုံးမှုကို ပိုစေနိုင်သည့် အပြင် အမြင် မတင့်တယ် သဖြင့် ခရီးသွား လုပ်ငန်းကို ထိခိုက်စေနိုင် သည်ဟု ဒေသခံများက ပြောပြသည်။

ပလိပ်ဒေသတွင် ရှေးဟောင်း အဆောက်အအုံ များနှင့် ဘုရားစေတီ ပုထိုးများ အများအပြား တွေ့မြင်ရပြီး အချို့မှာ အလွန်ရှေးကျ သဖြင့် နိုင်ငံခြားသားများ လာရောက် လေ့လာသော ဘုရားပုထိုး အမြောက်အမြား ရှိကြောင်း သိရသည်။

''နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေက အိုဟောင်းနေတဲ့ ပစ္စည်းတွေကို အဓိကထားပြီး လေ့လာတယ်။ ဒါပေမဲ့ သန့်ရှင်းမှု မရှိတဲ့အတွက် သူတို့ကို တော်တော်လေး အားနာ ရပါတယ်'' ဟု ပလိပ်ဒေသခံ တစ်ဦးက ပြောပြသည်။

ပလိပ်ဒေသတွင် ပါးစပ် ရာဇဝင် မှတ်တမ်းများ အရ ဘုရားစေတီ ပုထိုးပေါင်း ၃၂ဝ ကျော်ရှိပြီး ရှေးဟောင်း ယဉ်ကျေးမှု ဦးစီဌာနမှ ထိန်းသိမ်းမှုမှာ အနည်းငယ်သာ ရှိကြောင်း သိရသည်။ သို့သော် ဗုဒ္ဓဘာသာ ထွန်းကားမှု၏ သင်္ကေတ တစ်ရပ်ဖြစ်သော ဘုရားများ၊ ရှေးဟောင်း ဘုန်းကြီးကျောင်းများ၊ ကန်များကို အများအပြား တွေ့မြင် ရသဖြင့် ခရီးသွားလုပ်ငန်း တစ်ရပ်အဖြစ် ဖော်ဆောင်နိုင်သော အနေအထားတွင် ရှိသည်ဟု ဒေသခံများက ပြောပြသည်။

အချို့သော ဘုရား၊ပုထိုး များမှာ အုတ်ပုံများ အဖြစ်သော် လည်းကောင်း၊ တစ်ပိုင်းတစ်စ ပြိုကျ၍ သော်လည်းကောင်း၊ သစ်ပင်များ အမြစ်တွယ် ခြင်းဖြင့် လည်းကောင်း၊ လူနေထိုင်ခြင်း များကြောင့် လည်းကောင်း၊ ပြုပြင် ထိန်းသိမ်းနိုင်မှု မရှိခြင်းကြောင့် လည်းကောင်း ပျက်စီး ဆုံးရှုံးနေပြီး ရှေးဟောင်း ပစ္စည်းများပါ ဆုံးရှုံးမှု ရှိကြောင်း သိရသည်။ (၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...