Social Icons

Pages

Wednesday, February 11, 2015

(၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) ကျင်းပ


(၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) သို့ တက်ရောက် လာကြသော အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အမှတ်တရ ဓာတ်ပုံရိုက်စဉ်

(၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) တွင် အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ ပူးတွဲ ကြေညာချက်အား လက်မှတ် ရေးထိုးကြစဉ်

နေပြည်တော် ၊ ၁၁-၂-၂၀၁၅

၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်း ထွက်ပေါ်လာစေရန် ရည်မှန်းကြိုးစား မှုတွင် မိမိတို့၏ ထက်သန်ပြီး စစ်မှန်သည့် စိတ်ဓာတ်များနှင့် ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်၍ “ဒေသတွင်းပြည်သူ့ဘ၀ တည်ငြိမ် လုံခြုံဖို့ ပြည်သူ့အားဖြင့် ထိန်းသိမ်းစို့” ဟူသည့်ဆောင်ပုဒ် အတိုင်း အောင်မြင်အောင် ဖော်ဆောင် နိုင်မည် ဟုလည်း ယုံကြည်မိ ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံတိုင်းသည် ပြည်သူလူထု၏ လူနေမှုဘ၀ လုံခြုံမြင့်မား စေရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရန် အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာကိစ္စရပ်များ၊ အခြားသော ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နည်းပညာဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များ၊ ပြည်သူ့ဘ၀လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် အနှောင့်အယှက် ပြုနေသည့် အကြမ်းဖက်သမား များ၏ အဖျက်လုပ်ငန်း များအား ဖြေရှင်းဆောင်ရွက်ခြင်း၊ ကာကွယ်တားဆီး နိုင်ရန်အတွက် ဒေသတွင်း နိုင်ငံများနှင့် ပေါင်းစည်း ဆောင်ရွက်ခြင်းများ လုပ်ဆောင် လာပါ ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Shangri-La Hotel Sabah Grand Ballroom ၌ ကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) တွင် ဆွေးနွေး ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ ဘရူနိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Major General Dato Paduka Seri Mohd Tawih Bin Abdullah၊ ကမ္ဘောဒီးယား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Pol Saroeun၊ အင်ဒိုနီးရှားအမျိုးသား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Dr.Moeldoko၊ လာအိုပြည်သူ့ တပ်မတော် ဒုတိယစစ်ဦးစီးချုပ် Brigadier General Khamlieng Outhakasone၊ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zukifeli Bin Mohd Zin၊ ဖိလစ်ပိုင် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် Lieutenant General John Sarmiento Bonafos AFP၊ စင်ကာပူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lieutenant General Ng Chee Meng၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Worapong Sanganetra၊ ဗီယက်နမ်တပ်မတော် စစ်ဦးစီးချုပ် Senior Lieutenant General Do Ba Ty နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အစည်းအဝေးသို့ တက်ရောက် လာကြသော အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် များသည် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် အစည်းအဝေး သဘာပတိ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zukifeli Bin Mohd Zin က (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM)ကို အဖွင့်နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ဆက်လက်ပြီး 12th ASEAN Military Intelligence Informal Meeting (AMIIM) အစည်းအဝေး ခေါင်းဆောင် မလေးရှား တပ်မတော်မှ ထောက်လှမ်းရေးမှူးချုပ် Lieutenant General Datuk Abdul Hadi Bin Haji Hussin နှင့် 5th ASEAN Military Operations Informal Meeting (AMOIM) အစည်းအဝေး ခေါင်းဆောင် မလေးရှားတပ်မတော်မှ Assistant Chief Of Staff Rear Admiral Dato' Anuwi Bin Hassan အစည်းအဝေး ရလဒ်များအား တင်ပြကြသည်။

ယင်းနောက် အစည်းအဝေး သဘာပတိ မလေးရှား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.)Zulkifeli Bin Mohd Zin ဦးဆောင်၍ တက်ရောက် လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များက သက်ဆိုင်ရာ ခေါင်းစဉ်များ အား နိုင်ငံအက္ခရာစဉ်အလိုက် ဆွေးနွေးကြသည်။

ထိုသို့ ဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒေသတွင်း အဖွဲ့အစည်းများနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့်အာဆီယံအဖွဲ့အစည်း သည် ဆွေးနွေးဖက် နိုင်ငံများနှင့် အောင်မြင်သော ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခြင်း၊ အာဆီယံ အဖွဲ့အစည်းအတွင်း ဆွေးနွေး ပွဲများ ကျင်းပခြင်း၊ အာဆီယံနိုင်ငံများနှင့် အခြားသော အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများ ဖြင့် ဒေသတွင်း ဖြစ်ပေါ်နေသော အခြေအနေ များပေါ်မူတည်၍ သတ်မှတ်ထားသော စည်းကမ်းမူဘောင် အတွင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသတွင်းနှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခဲ့ သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုထိန်းသိမ်းရေး၊ အာဆီယံဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေး၊ ယုံကြည်မှု တည်ဆောက်ခြင်း ကိစ္စရပ်များ ပိုမိုခိုင်မာစွာ ဆောင်ရွက်နိုင်ရေးနှင့် တန်ပြန် အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်း များအား ဒေသတွင်း အတူတကွ ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့ပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ အကြမ်းဖက်ဝါဒ တိုက်ခိုက်ဖျက်ရေး အတွက် တန်ပြန် အကြမ်းဖက် နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပြင် ပွင့်လင်းစွာ ဆောင်ရွက် နိုင်ရန်လည်း လိုအပ်ပါကြောင်း၊ မျက်မှောက်ခေတ် ကာလတွင် အကြမ်းဖက်မှုများနှင့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံ တစ်နိုင်ငံတည်းတွင်သာ အတည်တကျ ဆောင်ရွက်မှုမျိုး မဟုတ်ဘဲ နိုင်ငံအသီးသီးရှိ ၎င်းတို့နှင့် သက်ဆိုင်သော အဖွဲ့အစည်းနှင့် ကွန်ယက်သဖွယ် ချိတ်ဆက် ဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိပြီး အပြန်အလှန် ထောက်ပံ့ကူညီခြင်းနှင့် အကာအကွယ် ပေးခြင်း တို့အား ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်၍ အခြေခံသတင်း မျှဝေမှုစနစ် ကဲ့သို့သော သတင်းဖလှယ်မှု များလည်း ဆောင်ရွက် သွားရန်လိုအပ် ပါကြောင်း၊ လူသားလုံခြုံရေးနှင့် ပတ်သက်၍ လူမှုဝန်းကျင်အတွက် အရေးကြီးသော ကဏ္ဍများ ဖြစ်သည့် မြို့ပြနေရာ ချထားမှု၊ အပြည်ပြည် ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းမှု၊ ရောဂါဝေဒနာရှင် များအား ကာကွယ် စောင့်ရှောက်မှု၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ ကူးသန်းရောင်းဝယ်မှု၊ သဘာဝ ပတ်ဝန်းကျင် ဘေးန္တရာယ်ဆိုင်ရာ ကာကွယ် စောင့်ရှောက်မှု များကိုလည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများသည် စုပေါင်း စွမ်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများ အတွင်း လူသားစွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်၍ ဒေသတွင်း စီးပွားရေး အင်အား ခိုင်မာတောင့်တင်းရန် ပူးပေါင်း ဆောင်ရွက် ခြင်းဖြင့် အကြမ်းဖက်မှု မှန်သမျှကို တိုက်ထုတ်ချေမှုန်း ရမည်ဖြစ်ပါကြောင်း၊ အာဆီယံ ဒေသတွင်းနိုင်ငံများ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စစ်မှန်သော တည်ငြိမ် အေးချမ်းမှုနှင့် လုံခြုံမှုကို ရရှိနိုင်မည်ဖြစ်ပြီး အကြမ်းဖက် ဟူသော ဝေါဟာရကို အာဆီယံ နိုင်ငံများအကြားမှ အပြီးသတ် ဖယ်ရှားနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်မိပါ ကြောင်း၊ အနာဂတ် ကာလများ တွင်လည်း အာဆီယံ ဒေသတွင်း ပြည်သူလူထု၏ဘ၀ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် အာဆီယံဒေသ အတွင်းရှိ ပြည်သူများ၏ ရင်းနှီး ချစ်ကြည်စွာပူးပေါင်း ဆောင်ရွက်မှု များမှသည် စုစည်းညီညွတ်သည့် တစ်ခုတည်းသော အာဆီယံ အသိုက်အဝန်း ကြီးအား ဖော်ဆောင်ရန် တိုက်တွန်း အပ်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

၎င်းနောက် အာဆီယံ တပ်မတော်များ၏ ၂၀၁၅-၂၀၁၇ နှစ်နှစ်လုပ်ငန်း စီမံချက်အား ဆွေးနွေးကြပြီး (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) ပူးတွဲကြေညာချက် အား လက်မှတ်ရေးထိုး ကြသည်။

ထို့နောက် မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Zulkifeli Bin Mohd Zin က အစည်းအဝေး နိဂုံးချုပ် နှုတ်ခွန်း ဆက်စကား ပြောကြားပြီး (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM)ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် လာအိုပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီးချုပ် Brigadier General Khamlieng Outhakasone အား တာဝန်လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် လာအိုပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီးချုပ် Brigadier General Khamlieng Outhakasone က လက်ခံ နှုတ်ခွန်းဆက် စကား ပြောကြားပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...