Social Icons

Pages

Wednesday, October 15, 2014

အာဟာရချို့တဲ့ခြင်း မှ ကာကွယ်ရန်အတွက် အာဟာရဆိုင်ရာ အသိပေး နှိုးဆော်


Balanced diet chart

အာဟာရချို့တဲ့ခြင်း မှ ကာကွယ်ရန်အတွက် အာဟာရဆိုင်ရာ အသိပေး နှိုးဆော်

ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင် ခန့်မှာ အာဟာရ ပြဿနာ တစ်ခုခုကို ခံစား နေကြရပြီး နှစ်စဉ် ငါးနှစ်အောက် ကလေး ၂ ဒသမ ၆ သန်းခန့်မှာ အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးလျက် ရှိပြီး ယင်းမှာ သေဆုံးမှု စုစုပေါင်း၏ သုံးပုံတစ်ပုံခန့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဟာရ ချို့တဲ့ခြင်းသည် ပြည်သူ့ ကျန်းမာရေး ပြဿနာတစ်ရပ် အဖြစ် တည်ရှိနေဆဲ ဖြစ်ပြီး ကျေးလက်နေ ပြည်သူများတွင် ပိုမိုဖြစ်ပွား နေကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရ ပြဿနာများမှာ ပရိုတင်း အင်အားဓာတ် ချို့တဲ့ရောဂါ၊ သံဓာတ် ချို့တဲ့ သွေးအားနည်း ရောဂါ၊ ဗီတာမင်အေ ချို့တဲ့ရောဂါ၊ အိုင်အိုဒင်း ချို့တဲ့ရောဂါ၊ ဗီတာမင် ဘီဝမ်းချို့တဲ့ (ဘယ်ရီ- ဘယ်ရီ) ရောဂါတို့ ဖြစ်ကြသည်။ 

ပရိုတင်း အင်အားဓာတ် ချို့တဲ့လျှင် ပိန်လှီခြင်း၊ အရပ်ပုခြင်း၊ ကြီးထွားမှု နှေးကွေးခြင်း၊ လူစဉ်မမီခြင်း၊ သံဓာတ် အာဟာရ ချို့တဲ့လျှင် သွေးအားနည်းပြီး မောပန်း ရင်တုန်ခြင်း၊ အားအင် ကုန်ခန်းခြင်း၊ အလုပ်ကောင်းစွာ မလုပ်နိုင်ခြင်း၊ အသားအရေများ ဖြူဖပ်ဖြူရော် ဖြစ်ပြီး နှလုံးထိခိုက်ခြင်း ဖြစ်ပေါ် နိုင်သည်။

ဗီတာမင်အေ ချို့တဲ့လျှင် ကြက်မျက် သင့်ခြင်း၊ မျက်ဖြူသား နှင့် မျက်ကြည်လွှာ ခြောက်သွေ့ အနာဖြစ်ခြင်း၊ အပြင်တိမ် စွဲ၍ မျက်စိကွယ်ခြင်း နှင့် ဗီတာမင် ဘီဝမ်း ချို့တဲ့လျှင် သူငယ်နာ (ဘယ်ရီ- ဘယ်ရီ) ရောဂါ၊ ထုံနာစို၊ ထုံနာခြောက် ရောဂါနှင့် ဦးနှောက်ပျက်၍ မှတ်ဉာဏ် ချို့ယွင်း စိတ်ဖောက် ပြန်ခြင်း ဖြစ်ပေါ်နိုင်သည်။

ကိုယ်ဝန်ဆောင် မိခင် အိုင်အိုဒင်း ချို့တဲ့လျှင် ကိုယ်ဝန် ပျက်ကျခြင်း၊ ကလေးအသေ မွေးခြင်း၊ လမစေ့ခြင်း၊ ပေါင်မပြည့်ခြင်း၊ ဆွံ့အ နားမကြားခြင်း၊ ခြေလက် မသန်စွမ်းခြင်း၊ ဉာဏ်ရည် နိမ့်သော ကလေး မွေးခြင်းနှင့် ကလေးငယ်များ အိုင်အိုဒင်း အာဟာရ ချို့တဲ့လျှင် ခန္ဓာကိုယ် ကြီးထွားမှု နှေးကွေးခြင်း၊ ဉာဏ်ရည် နိမ့်ခြင်း၊ လည်ပင်းကြီးခြင်း တို့ ဖြစ်နိုင်သည်။

အာဟာရ ချို့တဲ့ရခြင်း၏ အဓိက အကြောင်း အရင်းများမှာ အာဟာရ ပြည့်ဝသော အစားအစာ များကို မစားသုံး ရခြင်း၊ မစားသုံး နိုင်ခြင်း၊ ရွေးချယ် မစားသုံး တတ်ခြင်းနှင့် ကျန်းမာမှု အားနည်းခြင်း တို့ကြောင့် ဖြစ်ပြီး ၄င်းအာဟာရ ချို့တဲ့မှုကို သင့်တင့် မျှတပြီး အာဟာရ ပြည့်ဝသည့် အစားအစာ များကို စားသုံးခြင်းဖြင့် ကာကွယ် နိုင်သည်။

ကျေးလက်နေ ပြည်သူများ အနေဖြင့်လည်း အာဟာရ ချို့တဲ့ခြင်း နှင့် နောက်ဆက်တွဲ ကျန်းမာရေး ထိခိုက်ခြင်း များမှ ကာကွယ်နိုင်ရန် မိမိတို့ ဒေသထွက် အာဟာရ အုပ်စု (၃)စုတွင် ပါဝင်သည့် အစားအစာ များအား မျှတစွာ စားသုံးရန် လိုအပ်သည်။ 

အာဟာရ ပြည့်ဝပြီး ကျန်းမာ ပျော်ရွှင်သော ဘဝကို ရရှိနိုင်ရန် အတွက် နေ့စဉ် စားသုံးနေသော ထမင်းနှင့် ကောက်ညှင်း၊ ပြောင်းဖူး ကဲ့သို့သော ကစီဓာတ် ကြွယ်ဝသည့် အစားအစာများ၊ အသားဓာတ် ပြည့်ဝသည့် စားတော်ပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ မတ်ပဲ နှင့် ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုး၊ အသား နှင့် ငါးများ စားသုံးခြင်း၊ သက်စောင့်ဓာတ် များပါဝင်သည့် ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက် နှင့် အစိမ်းရင့်ရောင် အရွက် အမျိုးမျိုး၊ ဗီတာမင်ဓာတ် ကြွယ်ဝသည့် မုန်လာဥနီ၊ မုန်လာဥဝါ၊ လိမ္မော်သီး၊ စပျစ်သီး စသည့် သစ်သီး၊ သစ်ဖု အမျိုးမျိုး တို့အား သင့်တင့် မျှတစွာ စားသုံးရန် လိုအပ်ကြောင်း ကျန်းမာရေး ၀န်ကြိးဌာန မှ တိုက်တွန်း နှိုးဆော် ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...