Social Icons

Pages

Monday, September 8, 2014

စားသုံးသူ အန္တရာယ် ကင်းရှင်းရေး ပါဝင်ကူညီ ကာကွယ်ပေး


စားသုံးသူ အန္တရာယ် ကင်းရှင်းရေး ပါဝင်ကူညီ ကာကွယ်ပေး

( အယ်ဒီတာ့အာဘော် )

မြန်မာ ပြည်သူများ အနေဖြင့် သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် အဆင်ပြေစွာ စားသောက် နိုင်ရန် နိစ္စဓူဝ လှုပ်ရှား ရုန်းကန် နေကြ ရသည်။ လူတို့သည် နေထိုင်မှု၊ ဝတ်စား ဆင်ယင်မှု နှင့် စားသောက်ရေး တို့အတွက် အဆင့်မီစွာ နေထိုင် နိုင်ရန်၊ စားသောက် နိုင်ရန် ဝင်ငွေတိုးရေး ကိုသာ အာရုံထား လုပ်ကိုင် နေကြသည်။ ရသမျှ ငွေကို နေထိုင်ရေး၊ ဝတ်စား ဆင်ယင်ရေး ကို မဲတင်း၍ နေ့စဉ် စားသောက် နေကြသည့် အစားအစာကို သက်သက် သာသာနှင့် လွယ်ကူသော အစားအစာကို ဝယ်ယူ စားသောက် နေကြသည်။

ထိုသို့ စားသောက်ကြ ရာတွင် ကျန်းမာရေးနှင့် ညီညွတ်သော သန့်ရှင်း လတ်ဆတ်သည့် အစား အသောက်များ ဖြစ်ရန် လိုသည်။ ဝမ်းဝလျှင် ပြီးရောဟူ၍ သက်သက် သာသာ လွယ်ကူရာ ကိုသာဝယ်ယူ စားသုံးတတ် ကြသည့် အခြေခံ လူတန်းစား များအတွက် အစား အသောက် ကြောင့် ကျန်းမာရေး ဆိုင်ရာ အားနည်းမှု များ ဖြစ်ပေါ် လာတတ် သည်ကို သတိပေး လိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွား နေသော ရောဂါများ အနက် အစားအသောက် ကြောင့် ဖြစ်ပေါ် လာသော ရောဂါများ ပိုမိုဖြစ်ပွား လာသည်ဟု ကြားသိ နေရသည်။ ပြည်သူတို့၏ လူ့သက်တမ်း မြင့်မားရေး နှင့် ကြုံသလို ကျသလို စားသောက် ရသည့် အခြေခံ လူတန်းစားများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာ ချမ်းသာစွာ အလုပ် လုပ်ကိုင် နိုင်ရေးအတွက် စားသုံးသူ အကာအကွယ် ပေးရေးသည် အရေးကြီး လာပြီ ဖြစ်သည်။

သန်း ၆ဝ သော မြန်မာပြည်သူ များကို အစားအသောက် အကာအကွယ် ပေးကြရာ၌ ပြည်တွင်းမှ ထုတ်လုပ်သော အစားအစာ များထက် ပြည်ပမှ တင်သွင်းလာသောအစားအသောက် များက ပိုမို အန္တရာယ် ရှိနိုင်သည်ဟု ကျွမ်းကျင်သူ များ၏ သုံးသပ်ချက်များ အရ သိရသည်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများမှ တင်သွင်းသော အဆင့် မမီသည့် စားသောက်ကုန် များကို ပြည်သူအများ သုံးစွဲ နေကြကြောင်း၊ ပြည်တွင်းသို့ တရားမဝင် တင်ပို့နေသော ကုန်စည်များကို တားဆီး စစ်ဆေး နိုင်မှု အပြည့်အဝ မရှိသေးကြောင်း နှင့် ထိုသို့ မစစ်ဆေး မတားဆီး နိုင်သောကြောင့် ထို အဆင့်မမီ စားသောက်ကုန် များကို ဆက်လက် အသုံးပြု နေကြခြင်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။

စားသုံးသူ အကာအကွယ် ပေးရေးနှင့် သက်ဆိုင်သည့် ဥပဒေများကို အာဆီယံ နိုင်ငံ အများစုတွင် ရေးဆွဲပြဋ္ဌာန်း ထားပြီး ဖြစ်သည်။ နိုင်ငံအတွင်း တင်သွင်း လာသော စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်း မျိုးစုံကို စားသုံးသူ အကာအကွယ် ပေးရေး သတ်မှတ်ချက် နှင့် ညီညွတ်မှု ရှိ၊ မရှိ အထူး ကြပ်မတ် စစ်ဆေးမှု ပြုလုပ် ပြီးမှသာ ရောင်းချခွင့် ပြုကြသည်။

မြန်မာနိုင်ငံ တွင်လည်း စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ပြည်ပမှ တရားမဝင် ဝင်ရောက် လာသော ကုန်ပစ္စည်းများ ကို Mobile Team အဖွဲ့များဖြင့် ရှာဖွေ စစ်ဆေး ဆောင်ရွက်လျက် ရှိနေသည်။ သို့သော် မြန်မာနိုင်ငံ၏ အနေအထား အရ ဘေးကင်း စိတ်ချစွာ စားသောက် နိုင်ရန်အတွက် သက်ဆိုင်ရာက တားဆီး ဆောင်ရွက် နေသော်လည်း ဝိသမ လောဘသား တို့က နည်းမျိုးစုံဖြင့် တင်သွင်း နေမှုများ ရှိနေဆဲ ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ က နိုင်ငံနှင့် လူမျိုးအတွက် ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု၊ အသက်ရှည်စွာ အနာမဲ့ရေး ဆောင်ရွက်မှု အဖြစ် စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက် နေချိန်တွင် ရောင်းချသူ တို့ကလည်း နည်းမျိုးစုံဖြင့် ကျော်ဖြတ် ဝင်ရောက် လာသော အစစ်ဆေးခံ မထားသည့် အစားအသောက် များကို တာဝန်သိစိတ်၊ ဖြူစင်သော မြင့်မြတ်သော စိတ်ထားဖြင့် ပြည်သူများအား ရောင်းချခြင်း မပြုလုပ် ကြဘဲ ပါဝင် ကူညီ ကာကွယ် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...