Social Icons

Pages

Tuesday, July 15, 2014

ဘောလုံးပွဲရသ ခံစား ပါရစေ


ဘောလုံးပွဲရသ ခံစား ပါရစေ

စိုးမရ

ဗထူးကွင်းမှာ MNL ဘောလုံးပွဲတွေ ကျင်းပလာတာ သုံး၊ လေးနှစ် ရှိပြီ။ ကွင်းထဲဝင်ပြီး မျက်ဝါးထင်ထင် တစ်ခါမှ မကြည့်ဖူး ခဲ့ဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကတော့ အဖော် ကောင်းတာနဲ့ ဗထူးကွင်းထဲ ရောက်သွားဖြစ် ခဲ့တယ်။ အဲဒီနေ့က ရတနာပုံ အသင်းနဲ့ ရန်ကုန်အသင်း တို့ကန်တဲ့ ပွဲပါ။

ဗထူးကွင်းကို မရောက်တာ ကြာပြီ ဖြစ်တယ်။ ငယ်ငယ်တုန်းက မကြာခဏ ရောက်ဖြစ် ပေမယ့် အသက်လေး ရလာတော့ မရောက်ဖြစ် တော့ဘူး။ အဲဒီနေ့က ပထမဆုံး ပြန်ရောက်ဖြစ် ခဲ့တာပါ။

ဟိုတုန်းက ဗထူးကွင်း အခြေအနေ နဲ့ အခုမြင်တွေ့ ရတဲ့ ဗထူးကွင်း အခြေအနေ ကို နှိုင်းယှဉ်ကြည့် မိတယ်။ ဟိုတုန်းက မြောက်ဘက် နဲ့ အရှေ့ဘက် က ပွဲကြည့်စင် တွေက သစ်သားနဲ့ ဆောက်ထားတဲ့ ပွဲကြည့် စင်တွေ။ ၁၂ ရာသီလုံးလုံး နေပူမိုးရွာ အမိုးမပါ ဘာမပါနဲ့ ဆိုတော့ ခင်းထားတဲ့ အသားပြား တွေဟာ လိမ်တွန့် ကြွတက်နေတယ်။ အခုတော့ ကွန်ကရစ် ခင်းထားတဲ့ စင်တွေ ဖြစ်နေပြီ။ အမိုးတော့ ခုချိန်ထိ မရှိသေးဘူး။

နောက်တစ်ခု တိုးတက်မှု အနေနဲ့ တွေ့ရတာက လေးဖက် လေးတန်မှာ မီးမောင်း စင်ကြီးတွေ စိုက်ထူ ထားတာ တွေ့ရတယ်။ ညပွဲတွေလဲ ကန်လို့ ရသွားပြီပေါ့။

မပြောင်းလဲ သေးတာ ကတော့ ဂိုးစင်မြင့်ပဲ။ အသင်း နာမည်နဲ့၊ အသင်း အရောင် တို့ကို သံပြားပေါ်မှာ ရေးပြီး ကပ်ထား၊ ဂိုးနံပါတ်ပြား တွေကိုလဲ ဂိုးသွင်းတိုင်း လက်နဲ့ ကိုင်ပြီး လဲပေး၊ အဲဒီ ဂိုးစင်ပေါ်မှာ လူတစ်ဦးက အသင့် ထိုင်စောင့် နေရတာ။ အဲဒါဟို တုန်းကပါ။ ဒီကနေ့ ထိလဲ အဲဒီအတိုင်းပဲ ဆိုတော့ မန္တလေးဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ရှေးဟောင်း မြို့တော်ကြီး ဖြစ်လို့များ မပြောင်းလဲဘဲ ရှေး အမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက် နေတာ များလားလို့ အတွေးပေါက် မိတယ်။

နောက်တစ်ခု အမှတ်ရ မိတာက ဗထူးကွင်းကို ဘောလုံးပွဲ လာကြည့်တိုင်း ခံစားရတဲ့ အရသာလေး တစ်ခု။ ဘာလဲ ဆိုတော့ ဘောလုံးပွဲ မစခင်မှာ စမူဆာသုပ်တို့၊ ဆိတ်သားကင်တို့ စားလေ့ ရှိကြတယ်။ အဲဒီတုန်း က ဘောလုံးပွဲ ရှိတဲ့ နေ့ဆိုရင် ကွင်းထဲမှာ စမူဆာ သုပ်သည်တွေ ရောက်နေပြီ။ နှစ်ချောင်းထောက် စင်လေးတွေနဲ့။ ဘာကွာ သလဲတော့ မသိဘူး။ အပြင်မှာ စားရတဲ့ စမူဆာသုပ် အရသာနဲ့ ဗထူးကွင်း ထဲမှာ စားရတဲ့ စမူဆာသုပ် ရဲ့အရသာဟာ ဘယ်လိုမှ မတူဘူး။ အနံ့လေး ရှူလိုက်ရ တာနဲ့ စားချင်စိတ် အလိုလို ပေါက်လာတယ်။ အဲဒီတုန်းက ဘောလုံးပွဲ လာကြည့်တဲ့ သူတိုင်း မှတ်မိကြဦး မှာပါ။

နောက်တစ်ခု က ဘောလုံးပွဲကို လာကြည့်ခြင်း ရဲ့ ခံစားချင်တဲ့ အရသာ က ဘောလုံးသမား တွေရဲ့ ဘောလုံးပညာ၊ ကျွမ်းကျင်မှု တွေကို တွေ့မြင်ချင် လို့ပါပဲ။ ဘောလုံးသမား တွေရဲ့ အလိမ်၊ အခေါက်၊ အပေးအယူ၊ အဖမ်းအဆီး စတဲ့ ကျွမ်းကျင်မှု တွေကို မျက်ဝါး ထင်ထင် တွေ့မြင် ချင်လို့ပါ။

ဗထူးကွင်း ဆိုတာ အထက် မြန်မာပြည်မှာ အထင်ကရ ကွင်းကြီး။ ဒီလို ကွင်းမျိုးမှာ ခြေချနိုင်ဖို့၊ ကစားနိုင်ဖို့ ဆိုတာ တော်ရုံ၊ တန်ရုံ အရည်အချင်း ရှိရုံနဲ့ မရဘူး။ ခေတ် အဆက်ဆက် ဒီ ဗထူးကွင်း ကနေ မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံ့ လက်ရွေးစင်တွေ အများကြီး ပေါ်ပေါက် ခဲ့ပါတယ်။

နောက် ဘောလုံးပွဲကို လာကြည့်တဲ့ ပရိသတ်တွေဟာ ဟိုတုန်းက လာကြည့်တဲ့ ပရိသတ်နဲ့ အခု လာကြည့်တဲ့ ပရိသတ် အများကြီး ကွာလှပါတယ်။ ဟိုတုန်းကလဲ ဘောလုံးပွဲ ကြည့်ရင်းနဲ့ စိတ်ထဲမှာ အားမလို အားမရ ဖြစ်ပြီး ဆဲတာ ဆိုတာ မရှိခဲ့တာ မဟုတ်ပါဘူး။ ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ လူအနည်းစု ပါ။ အသံတစ်သံ၊ နှစ်သံ လောက်ပါ။ ပွဲပြီးသွားရင် နိုင်နိုင်၊ ရှုံးရှုံး ကျေကျေနပ်နပ် အေးအေးဆေးဆေး ပါပဲ။

ခုမြင်တွေ့ နေရတဲ့ MNL ခေတ်ပွဲတွေ ကျတော့ ပြောင်းလဲ ကုန်ပြီ။ ကိုယ့်အသင်းကို အားပေးရင် ပြီးရော။ ပရိသတ် များဖို့ အဓိက။ ဒီတော့ ဆွဲဆောင်မှုတွေ လုပ်လာတယ်။ အင်္ကျီ ဝေတယ်။ ဦးထုပ် ဝေတယ် စသဖြင့်ပေါ့။

နောက်တစ်ခု ကတော့ အားပေးမှုပုံစံ။ အားမပေး ရဘူး မဟုတ်ပါဘူး။ အားပေးလို့ ရပါတယ်။ နိုင်ငံခြားပွဲ တွေမှာ ကြည့်လေ။ သူတို့လဲ ကိုယ့်အသင်းကို အားပေး ကြတာပါပဲ။

အခု ကျွန်တော်တို့ ဆီမှာ ဘောလုံးပွဲ အားပေးကြပုံက ဘောလုံးပွဲ မစခင်ကနေ ဘောလုံးပွဲ ပြီးသည်ထိ ကြမ်းကြမ်း တမ်းတမ်း၊ ညစ်ညစ် ညမ်းညမ်း ပြောဆိုပြုမူ အားပေးကြတာ။ ကွမ်းတံတွေး ထုပ်တွေ၊ ဖိနပ်တွေ ဆိုတာ ပလူပျံ နေတာပဲ။ တစ်ဦးတည်း နှစ်ဦးတည်း မဟုတ်ဘူး။ ကွင်းလေးဖက် လေးတန် စလုံးပါပဲ။

ဘောလုံးသမား မဆိုထားနဲ့။ ဒိုင်လူကြီးရော၊ အလံကိုင်ရော၊ ဘယ်သူမှ မလွတ်ဘူး။ ဘောလုံး ကစားရင်း လဲကျသွားရင် ဒိုင်လူကြီးက ပြစ်ဒဏ်ပေးရင်၊ အလံကိုင်က အလံထောင်ရင် အားလုံးဟာ သူတို့ အတွက် မကျေနပ်စရာ တွေပေါ့။

လာကြည့်တဲ့ ဘောလုံး ပရိသတ် အများစုက အမျိုးသားတွေ ချည်းပဲ။ အဲဒီသူတွေ ကြည့်လိုက်ရင် အာဆွတ် ထားသူတွေ ချည်းပဲ။ ဗထူးကွင်း ပတ်ပတ်လည်မှာ ဘီယာဆိုင် တွေကလဲ ပေါမှပေါ။ ဘောလုံးပွဲ မစခင် ဘီယာဆိုင်ထဲ အရင်ဝင်၊ အာဆွတ်ပြီးတော့ ကွင်းထဲရောက် ဘောလုံးပွဲ ပြီးပြန်တော့ ဘီယာဆိုင်ထဲ ပြန်ရောက်။ အဆင်ကို ပြေလို့။

ဘောလုံးပွဲရဲ့ အရသာလေး က ဟိုတုန်းကလို ခံစားရ လေမလား လို့ လာကြည့်မိ ပါတယ်။ စိတ်ရော ကိုယ်ပါ ဆင်းရဲတာပဲ ကြုံခဲ့ရပါ တော့တယ်။ ဒီလို ပရိသတ်မျိုး အားပေးတဲ့ ဒီလို ဘောလုံးပွဲတွေ ကနေ ဘယ်လို ဘောလုံး ရသမျိုး ဘယ်တော့များမှ ခံစားလို့ ရနိုင်ပါ့မလဲ...။

ကစားနေတဲ့ ဘောလုံး သမားတွေ ပိုပြီး ကြိုးစားချင် လာအောင်၊ ပိုပြီး စွမ်းရည်ပြ လာနိုင်အောင် အားပေး ရမှာပါ။ ဘောလုံးပွဲ ချစ်တယ်၊ ဘောလုံးပွဲ ရသ ခံစားချင်တယ် ဆိုတဲ့ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အားပေးမှု ပုံစံ ပြောင်းလဲဖို့ လိုပြီ။ မြန်မာ့ဘောလုံး အဆင့်အတန်း မြင့်မား တိုးတက်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားပေး ကြပါလို့ မေတ္တာရပ်ခံ ပန်ကြား အပ်ပါတယ်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...