Social Icons

Pages

Wednesday, January 8, 2014

မြန်မာ့ဂုဏ်ရောင် ထွန်းပြောင်စေဖို့


မြန်မာ့ဂုဏ်ရောင် ထွန်းပြောင်စေဖို့

အယ်ဒီတာ့အာဘော်
( ၈-၁-၂၀၁၄ )

အရှေ့တောင် အာရှနိုင်ငံများ အသင်းကို ၁၉၆၇ ခုနှစ်မှ စတင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ သည် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အရှေ့တောင် အာရှနိုင်ငံများ အသင်းဝင် ဖြစ်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက် တွင်ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပစဉ် မြန်မာနိုင်ငံ အား ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ရန် ဆုံးဖြတ် ခဲ့သည်။ မြန်မာနိုင်ငံ သည် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ဝ ရက်တွင် ဘရူနိုင်း ဒါရူဆလမ် နိုင်ငံထံမှ အာဆီယံ ဥက္ကဋ္ဌ တာဝန်အား လွှဲပြောင်း လက်ခံ ခဲ့သည်။

မြန်မာနိုင်ငံ သည် ၂ဝ၁၄ ခုနှစ်အတွင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ထိပ်သီး အစည်းအဝေး ၊ ဝန်ကြီးအဆင့် အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေး များကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ၍ အစည်းအဝေး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် ရမည် ဖြစ်သည်။ ထို့အပြင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် ၊ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး ၊ အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး ၊ အာဆီယံ ဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေး ၊ အာဆီယံ အမြဲတမ်း ကိုယ်စားလှယ် များ ကော်မတီနှင့် အာဆီယံ အစိုးရချင်း ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး များကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ၍ အစည်းအဝေး ဥက္ကဋ္ဌ တာဝန် အသီးသီး ထမ်းဆောင် ရမည် ဖြစ်သည်။

အာဆီယံ ဥက္ကဋ္ဌ အနေဖြင့် ဒေသတွင်း နှင့် နိုင်ငံတကာ ရေးရာများတွင် ဆောင်ရွက် ရမည့် တာဝန်များမှာ ဒေသတွင်း အငြင်းပွားမှု များအား အာဆီယံ ပဋိညာဉ် စာတမ်းအရ ဖြေရှင်းခြင်း ၊ အာဆီယံ ချစ်ကြည်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်၏ အဆင့်မြင့် ကောင်စီ အစည်းအဝေး ကျင်းပရန် လိုအပ် လာပါက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခြင်း ၊ နိုင်ငံ ၂ဝ အုပ်စု ထိပ်သီး အစည်းအဝေး တွင် အာဆီယံ နိုင်ငံများအား ကိုယ်စားပြုခြင်း စသည့် တာဝန်များကို ထမ်းဆောင် ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ က အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရမည့် အစည်းအဝေး ပေါင်း ၃ဝဝ ခန့် ရှိသည့် အနက် ၂ဝ၁၅ ခုနှစ်တွင် ပေါ်ပေါက် လာမည့် အာဆီယံ အသိုက်အဝန်း ပေါ်ပေါက်ရေး နှင့် ရှေ့ခရီး အစည်းအဝေး များ အပါအဝင် ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်း ပေါ်ပေါက် လာချိန်တွင် နိုင်ငံတကာ ရေးရာများ ပူးပေါင်း ဆောင်ရွက်ရေး ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ၊ လူမှုရေး နှင့် ယဉ်ကျေးမှု တို့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များအား ၂ဝ၁၄ ခုနှစ် အတွင်း၌ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း ညှိနှိုင်း ပေါင်းစပ်၍ အခြေခံ အချက်အလက် များကို အကောင် အထည်ဖော် သွားကြမည် ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် အတွင်း အဖွဲ့ဝင် နိုင်ငံများေ ပါင်းစပ် ညှိနှိုင်း ခဲ့ကြသည့် အခြေခံ အချက်များမှာ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမည့် မလေးရှား နိုင်ငံက ဆက်လက် ဆောင်ရွက်ရန် လမ်းပြမြေပုံ ( ROAD MAP ) ဖြစ်သည်။

သို့ဖြစ်၍ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ က တာဝန်ယူ ဆောင်ရွက် ရမည့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေး ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ကိုယ်စား နိုင်ငံတကာ ဆက်သွယ် ဆောင်ရွက်ရေး တာဝန်တို့ကို ချောမွေ့ အောင်မြင်စွာ ဆောင်ရွက်၍ မြန်မာ့ ဂုဏ်ရောင် ထွန်းပြောင် စေဖို့ နိုင်ငံတော် အစိုးရ ဦးဆောင်မှုဖြင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး မိမိတို့ ကျရာ ကဏ္ဍမှ စိတ်အား ထက်သန်စွာ ပူးပေါင်း ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။    ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...