Social Icons

Pages

Tuesday, January 7, 2014

ကိုယ့်စီးပွား အရင်မပျက်စေဖို့


ကိုယ့်စီးပွား အရင်မပျက်စေဖို့

လူသည် ပတ်ဝန်းကျင် နှင့် ပေါင်းသင်း ဆက်ဆံ နေကြသူများ ဖြစ်၍ ပတ်ဝန်းကျင် နှင့် မကင်းနိုင် ကြပေ။ တစ်ဦးနှင့် တစ်ဦး ပစ္စည်းနှင့် ပတ်သက်၍ သော် လည်းကောင်း ၊ လူမှု ဆက်ဆံရေး ကြောင့်သော် လည်းကောင်း အဆင်မပြေ ဖြစ်တတ် ကြသည်။ အချို့က လည်း အမှုမဲ့ အမှတ်မဲ့ ပြုမူမှု များကြောင့် စကားများရာမှ ရန်ဖြစ် ရသည်အထိ ဖြစ်တတ် ကြသည်။ သာမန် အသေးအဖွဲ ကိစ္စလေးမှသည် အကြီးအကျယ် ခိုက်ရန် ဖြစ်ပွားပြီး ၊ အမှုအခင်းများ ဖြစ်ကာ တရားစွဲဆို ဖြေရှင်းရသည် အထိ ဖြစ်တတ် လေသည်။

ကျေးလက် တောရွာများတွင် ကျွဲ ၊ နွား ၊ ဆိတ် ၊ ဝက် ၊ ကြက် စသည့် အိမ်မွေး တိရစ္ဆာန်များ တစ်ပိုင်တစ်နိုင် မွေးမြူကြသည့် ဓလေ့ရှိသည်။ ထို တိရစ္ဆာန် များကို စားကျက်ရှိရာ တောတောင် တို့တွင် လွှတ်ပြီး ကျောင်းလေ့ ရှိကြသည်။ ထို တိရစ္ဆာန်တို့ အခြားသူ၏ သီးနှံစိုက်ခင်း သို့ ဝင်ရောက် စားသောက်၍ စိုက်ခင်း ပျက်စီးသည့် အခါ သီးနှံဆုံးရှုံးမှု တန်ဖိုးအတွက် သီးနှံဆုံးရှုံးမှု တန်ဖိုး နှင့် နစ်နာကြေးငွေ ရလိုကြောင်း တရားမ လမ်းကြောင်း အရ တရားစွဲဆိုခြင်း များ ရှိသကဲ့သို့ သီးနှံများ ပျက်စီးဆုံးရှုံး နစ်နာမှု ရှိသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၇ အရ အကျိုး ဖျက်ဆီးမှု ဖြင့် တရားစွဲဆို ကြသည်။

မြို့ပြဒေသနှင့် ကျေးရွာများတွင် အိမ်နီးချင်း များသည် ဝင်းထရံ ကာရံသည့် ကိစ္စ ၊ သစ်ပင်ခုတ်သည့် ကိစ္စတို့နှင့် လည်း စကားများ ရန်ဖြစ် တတ်ကြ သည်။ အများအားဖြင့် တစ်ဖက်အိမ်က ဝင်းထရံ ကာရံရာတွင် အခြား တစ်ဖက်အိမ်ရှိ ပစ္စည်း တစ်စုံတစ်ရာ ကို ထိခိုက်ပျက်စီး တတ်လေသည်။ ပျက်စီး သွားသော ပစ္စည်းရှင်က မကျေနပ်၍ ပစ္စည်း ဆုံးရှုံးမှု တန်ဖိုးကို တရားမ လမ်းကြောင်း အရ တရားစွဲဆို သည်များ ရှိသကဲ့သို့ ပစ္စည်းများ ပျက်စီး ဆုံးရှုံးနစ်နာ သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၂၇ အကျိုး ဖျက်ဆီးမှုဖြင့် တရားစွဲဆို ကြလေသည်။

တစ်စုံ တစ်ယောက်သည် တစ်ဦး တစ်ယောက်၏ ပစ္စည်းကို ဖျက်ဆီးခြင်း ၊ သို့မဟုတ် အနေအထား ပြောင်းလဲအောင် ပြုခြင်းကြောင့် ပစ္စည်းသည် ပျက်စီး ဆုံးရှုံးခြင်း တန်ဖိုးဖြစ်စေ ၊ အသုံးဝင်မှု ဖြစ်စေ ယုတ်လျော့ စေခြင်း ၊ နစ်နာစေခြင်း ဖြစ်စေရန် အကြံနှင့် သော်လည်းကောင်း ၊ ဆုံးရှုံးနစ်နာမှု ဖြစ်စေ နိုင်သည်ကို သိလျက်နှင့် ပြုလုပ်လျှင် သော် လည်းကောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၇ အရ တရားစွဲဆို နိုင်သည်။ ပြစ်မှု ထင်ရှားပါးက နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရပေမည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၂၇၏ ရည်ရွယ်ချက်သည် တစ်ဦး တစ်ယောက်၏ ကာယကံမြောက် ပြုလုပ်မှုကြောင့် သော် လည်းကောင်း ၊ သူတစ်ပါးအား ပြုလုပ်စေခြင်း ကြောင့်သော် လည်းကောင်း ၊ ပြုလုပ်ရန် အားပေးခြင်း ကြောင့်သော် လည်းကောင်း အများပြည်သူ တို့၏ ပစ္စည်းများ ဆုံးရှုံးပျက်စီးမှု ၊ တန်ဖိုး ယုတ်လျော့ စေမှု ၊ နစ်နာစေမှု မဖြစ်စေရန် ၊ အများ ပြည်သူတို့၏ ပစ္စည်းများကို အဖျက်သမား တို့၏ ဘေးရန်မှ ကာကွယ်ရန် အတွက် ဖြစ်ပေသည်။

တစ်ပါးသူ တို့၏ ဥစ္စာပစ္စည်း တို့ကို ဆုံးရှုံးနစ်နာ ပျက်စီး ၊ အသုံးမဝင် တန်ဖိုး နည်းပါးအောင် ဖျက်ဆီးပါက တရားစွဲဆိုခြင်း ခံရပေမည်။ အမှုအခင်း ရင်ဆိုင် ဖြေရှင်းရသဖြင့် မိမိ လုပ်ကိုင်မြဲ အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင် နိုင်ခြင်း မရှိချေ။ အမှုအခင်း အတွက်လည်း သောက ဗျာပါဒ နှင့် ရင်ဆိုင်ဖြေရှင်း နေရသဖြင့် ပစ္စုပ္ပန် မျက်မှောက်တွင် စီးပွားဥစ္စာ ကိုကောင်းစွာ မရှာဖွေနိုင်၍ စီးပွားဥစ္စာ ပျက်စီး ရလေသည်။ ထို့ကြောင့် ရှေးလူကြီး များက '' သူများ စီးပွားဖျက်ဆီး က ကိုယ့်စီးပွား အရင်ပျက်သည် ''ဟု ဆုံးမစကား ဆိုခဲ့သည်။

ထို့ကြောင့် ကိုယ့်စီးပွား အရင်မပျက် စေရန်အတွက် သူတစ်ပါး စီးပွားဥစ္စာ ၊ ပစ္စည်းတို့ကို သတိ လက်လွတ်၍ မဖျက်ဆီး မိကြရန်နှင့် ပျက်စီးအောင် မပြုလုပ် ကြရန် အကယ်၍ ပြုလုပ်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၇ အရ တရားစွဲဆိုခြင်း ခံရမည် ဖြစ်သည့် အတွက် ဥပဒေရေးရာ အမြင်ဖြင့် သတိပေး နှိုးဆော် ရေးသား လိုက်ရပေသည်။

ရှေ့နေ-ဦးဝင်းကြည်(စဥ့်ကိုင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...