Social Icons

Pages

Tuesday, January 7, 2014

အမှတ်တရ ဂုဏ်ပြုရုပ်တုများစွာရှိသော မန္တလေးမြို့



အမှတ်တရ ဂုဏ်ပြုရုပ်တုများစွာရှိသော မန္တလေးမြို့

မန္တလေးမြို့သည် ယဉ်ကျေးမှု မြို့တော် ဖြစ်ပြီး လေ့လာစရာ မကုန်သော မြို့တော်ဟုပင် တင်စား ထားသည်။ မန္တလေးမြို့တွင် အမှတ်တရ ဂုဏ်ပြုရုပ်တု များစွာရှိပြီး မန္တလေး မြနန်းစံကျော် ရွှေနန်းတော် ကြီး၏ အရှေ့မြောက် အရပ်တွင် ပြည်ထောင်စု ကျောက်တိုင်နှင့် အတူ မြန်မာ့ သူရဲကောင်းများ ၏ ကြေးသွန်း ရုပ်တုများ ရှိသည်။ ပြည်ထောင်စု ကျောက်တိုင် ကို ဝန်းရံလျက် အနော်ရထာ ၊ ကျန်စစ်သား ၊ အလောင်းစည်သူ ၊ ဘုရင့်နောင် ၊ သာလွန် မင်းတရား ၊ အလောင်းမင်း တရား ၊ ဘိုးတော်ဘုရား ၊ မဟာဗန္ဓုလ ၊ ကနောင် မင်းသားကြီး တို့၏ ရုပ်တုများ ရှိသည်။

မန္တလေးမြို့ မင်းတဲအီကင်းရပ် ၂၂ လမ်း ကျွဲစွန်းဆိပ် နှင့် သီရိမင်္ဂလာ အိမ်ရာ စီမံကိန်း တိုက်တန်း ကြားတွင် ယောမင်းကြီး ဦးဘိုးလှိုင် ၏ အုတ်ဂူ ဗိမာန်နှင့် အင်္ဂတေ ရုပ်တု ရှိသည်။ ဟေမာဇလ ရပ်ကွက် ၇၈ လမ်း ၊ ၂၇x၂၈ လမ်းကြား မြန်မာ့ မီးရထား ဌာန ရွှေဥဒေါင်း စာကြည့်တိုက် ရှေ့တွင် စာရေးဆရာ ရွှေဥဒေါင်း ရုပ်တု ၊ အောင်မြေသာစံ မြို့နယ် နန်းရှေ့ ၆၆ လမ်း ၊ လမ်း ၂ဝx၂၂ လမ်းကြားရှိ အမျိုးသား ကဇာတ်ရုံတွင် ဆိုကရေးတီး ကိုယ်စားပြု အလင်္ကာ ကျော်စွာ ဒေါ်စောမြအေးကြည် ၊ လေဘာတီ ဒေါ်မြရင် ၊ နန်းတော်ရှေ့ ဆရာတင် ၊ နေမျိုးဗလ ကျော်သူ ဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ ရုပ်တုတို့ ရှိသည်။ မန္တလေး မြို့မ တူရိယာ အသင်းရုံးတွင် မြို့မငြိမ်း ရုပ်တု ရှိသည်။

မန္တလေးမြို့ မဟာ မုနိဘုရားကြီး ဂန္ဓကုဋိ အတွင်းတွင် ဘိုးတော်ဘုရား ၏ သားတော် အိမ်ရှေ့ ဥပရာဇာ ၏ ရုပ်တုနှင့် ချမ်းအေးသာစံ မြို့နယ် ပြည်ကြီး ပျော်ဘွယ် အရှေ့ရပ်ကွက် မဟာ ဝေယံဘုံသာ ကျောင်းတိုက် အတွင်းတွင် ကျောင်းဒါယကာ ဦးဘိုး ၏ ရုပ်တု တို့ရှိသည်။ မနော်ရမ္မံ ပန်းခြံတွင် ဗိုလ်ချုပ် အောင်ဆန်း မြင်းစီးရုပ်တု တို့ရှိသည်။

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် မန္တလေးတောင် ၏ အရှေ့တောင် ဘက်တွင် မင်းတုန်းမင်း တရားကြီး တည်ထား ကိုးကွယ်ခဲ့သည့် မဟာလောက မာရဇိန် စေတီ ကုသိုလ်တော် ဘုရား၏ ရှေ့တွင် မင်းတုန်းမင်းကြီး ၏ ပုံတူရုပ်တု ရှိသည်။ ထိုရုပ်တုကို ရတနာပုံ မန္တလေး မြို့တည် နန်းတည် နှစ် ၁၅ဝ ပြည့် အထိမ်းအမှတ် အဖြစ် ဂုဏ်ပြု စိုက်ထူ ထားခြင်း ဖြစ်သည်။ လက်ရှိ ကာလတွင်လည်း မန္တလေး တက္ကသိုလ် တွင် အထင်ကရ ဆရာကြီးများ၏ ဂုဏ်ပြု အမှတ်တရ ရုပ်တုများ စိုက်ထူထားသည့် အတွက် မန္တလေးမြို့ ကို အမှတ်တရ ဂုဏ်ပြု ရုပ်တုများစွာ ရှိသောမြို့ ဟုပင် တင်စား ခေါ်ဝေါ်ချင်ပါ တော့သည်။

သရက်တန်းစိုးရွှေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...