Social Icons

Pages

Thursday, January 2, 2014

ယူတတ်စေချင်ပါသည်


ယူတတ်စေချင်ပါသည်

ကျွန်တော်တို့ မြန်မာစကား အသုံးအနှုန်း တွင် အတုယူသည် ၊ အတုခိုးသည် ၊ အတုမြင် အတတ်သင် သည် ဟူသော စကားလုံး များကို လူတိုင်း ကြားသိဖူး ကြမည် ဖြစ်သည်။ များသော အားဖြင့် အတု ဆိုသည် နှင့် နှာခေါင်းရှုံ့ ကြမည် ဖြစ်သည်။ အတုနှင့် အစစ် မည်သည်ကို ယူမလဲ ဆိုပါက အစစ်ကိုသာ အားလုံး လက်ညှိုး ထိုးကြမည်သာ ဖြစ်သည်။ သို့ရာတွင် ကောင်းသော အပြုအမူ ၊ အမူအကျင့် နှင့် ကောင်းသော အတုများ ရှိနေသည်ကို လည်း ကျွန်တော်တို့ သတိပြု ရမည်။ ကလေးငယ် များကို လူကြီးများက ပဲ့ပြင်ဆုံးမ ရာတွင် အခြားကလေး က မိမိ ကလေးထက် သာနေပါ က သူများကလေး ၏ အတုကို စံနမူနာ ပြကာ ယူစေ သကဲ့သို့ လူကြီးများ ကလည်း မိမိထက်ေ တ်ာသူ ၊ ကောင်းသူများကို အားကျ အတုခိုးကြ သည်မှာ ကောင်းသော အတုခိုးခြင်း သာဖြစ်သည်။ ကောင်းသော အတုများ အဖြစ် လူ၏ ခန္ဓာကိုယ် အတွက် အစားထိုးစရာ အစိတ်အပိုင်း အတုများ ၊ လူသားများ၏ ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက် စေသော ဆေးလိပ် သောက်ခြင်း၏ အန္တရာယ်ကို လျော့ပါး စေသော အီလက်ထရောနစ် စီးကရက်အတု ၊ လိုအပ်သော နေရာကို မိုးရွာစေသော မိုးတိမ်အတု နှင့် အရေးပေါ် အခြေအနေ များတွင် အသုံးပြုရန် မကြာသေး မီကာလ အတွင်း တီထွင်ခဲ့ ကြသော သွေးအတု စသည်တို့မှာ ကောင်းသော အတုများ ဖြစ်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ သည် ယခုအချိန်တွင် ကျွန်တော်တို့ နိုင်ငံနှင့် အနီးစပ်ဆုံး အသိုင်းအဝိုင်း ဖြစ်သော အာဆီယံ နိုင်ငံများ အတွင်းတွင် ထိပ်တန်း နိုင်ငံတစ်ခု ဖြစ်လာအောင် အရှိန်အဟုန် ဖြင့် ကြိုးပမ်း နေချိန် ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် မတိုင်မီက စင်ကာပူ နိုင်ငံမှ မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်မြို့သို့ လာရောက် လေ့လာပြီး မြို့ပြဖွဲ့စည်း တည်ဆောက်ပုံ များကို လေ့လာခဲ့ ရသည်ဟု သိရသည်။ ယခု အချိန်တွင် စင်ကာပူ နိုင်ငံသည် အာဆီယံ နိုင်ငံများ အတွင်း၌ ထိပ်တန်း နိုင်ငံတစ်ခု ဖြစ်နေပြီး ကျွန်တော်တို့မှ ပြန်လည် အတုယူ နေရသော နိုင်ငံ တစ်ခုဖြစ် နေသည်။ အဘယ်ကြောင့် စင်ကာပူ နိုင်ငံသည် အရှေ့တောင် အာရှ၏ ထိပ်တန်း နိုင်ငံတစ်ခု ဖြစ်လာရ ပါသနည်း။ အဖြေမှာတော့ ပထဝီ သဘောအရ တည်နေရာ အနေအထားေ ကာင်းခြင်း ၊ လူ့စွမ်းအား အရင်းအမြစ်ကို ထိရောက်စွာ စီမံခန့်ခွဲ အသုံးချ နိုင်ခြင်း၊ စည်းကမ်း ကောင်းခြင်း ဟူသည့် အဓိက မဏ္ဍိုင်ကြီး သုံးခုကြောင့် ပင်ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ သည်လည်း စင်ကာပူ နိုင်ငံကဲ့သို့ အခြေအနေမျိုး ရောက်အောင် လုပ်ဆောင် နိုင်ရန် မည်သည်တို့ကို အတုယူ ရပါမည်လဲဟု စဉ်းစားမိ စေချင်သည်။ ကျွန်တော်တို့ အနေဖြင့် စည်းကမ်း ကောင်းမွန်ခြင်း ကို အဓိကထားပြီး လုပ်ဆောင် စေချင်မိသည်။

ကျွန်တော်သည် အစိုးရ ဝန်ထမ်း တစ်ဦးဖြစ်ပြီး ပြင်ဦးလွင်မြို့ တွင် တာဝန် ထမ်းဆောင် နေသူ ဖြစ်သည်။ ပြင်ဦးလွင်မြို့ သည် ခရီးသွားလာ လည်ပတ်ရန်ကောင်းသော တောင်ပေါ်မြို့လေး ဖြစ်သည့် အားလျော်စွာ ယာဉ် ၊ ကား ၊ ဆိုင်ကယ်များ အမြဲရှုပ်ထွေး နေသော မြို့ဖြစ်သည်။ ထို့ကြောင့် လမ်းဆုံ ၊ လမ်းခွ ၊ ယာဉ်သွားလာမှု ရှုပ်ထွေးသော နေရာများတွင် အရှိန်လျှော့ မောင်းနှင်ရန် သတိပေး ထားသော အဝါရောင် အချက်ပေး မီးပွိုင့်ငယ်များကို သက်ဆိုင်ရာမှ တပ်ဆင် ထားရှိပေး ထားသည်။ သို့သော်လည်း ယခုအချိန်တွင် ၄င်းမီးပွိုင့်ငယ် များ အားလုံး နီးပါးကို မသမာသူ များက တမင်တကာ ဖျက်ဆီး ကြသဖြင့် နောက်ဆုံး အကြိမ် တပ်ဆင်သည့် မီးပွိုင့်ငယ် များမှလွဲ၍ အကောင်း ပကတိ မကျန်တော့ပါ။ မီးပွိုင့်ငယ် များသည် ယာဉ်လမ်းကြောင်း များ၏ အရေးပါသော နေရာများတွင်သာ တပ်ဆင် ထားသောကြောင့် ပျက်စီးနေပါက ယာဉ်အန္တရာယ် ကို ဖိတ်ခေါ် သကဲ့သို့  ဖြစ်နေသည်။ အထူးသဖြင့် ကလေးငယ် များ၏ စာသင်ကျောင်း အနီးတွင် ပျက်စီး နေသောကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ ကျွန်တော့် အနေဖြင့်လည်း များစွာ စိတ်မကောင်း ဖြစ်မိသည်။ ကျွန်တော်တို့ နိုင်ငံတွင် မိုဘိုင်းဖုန်းများ မပေါ်မီကာလ က လမ်းဘေးတွင် အလွယ်တကူ ဆက်သွယ်နိုင်ရန် အများသုံး တယ်လီဖုန်း အိမ်ကလေးများ မှာလည်း ထိုကဲ့သို့ ဖျက်ဆီးမှု မျိုးနှင့်လည်း ကြုံတွေ့ ခဲ့ရသည်။ နိုင်ငံတကာတွင် ယခု လက်ရှိ အခြေအနေထိ အသုံးပြုလျက် ရှိသော ချစ်စရာ ကောင်းသည့် အများသုံး တယ်လီဖုန်း အိမ်ကလေးများ ကျွန်တော်တို့ နိုင်ငံတွင်လည်း ရှိစေချင်မိသည်။ ဖျက်ဆီးပစ်သော သူများကိုလည်း မျက်နှာချင်းဆိုင် တွေ့ပြီး ထိုသို့ ပြုလုပ် သောကြောင့် မည်ကဲ့သို့ သော ပျော်ရွှင်မှုမျိုး ကို ရပါသလဲဟု မေးချင် ပါသည်။ ပြုလုပ်သူက ပြုလုပ် ပေးသကဲ့သို့ စည်းကမ်းမဲ့စွာ မထိန်းသိမ်း ပါက အိတ်ပေါက် နှင့် ဖားကောက် သည့်သဖွယ် ဖြစ်နေမည်မှာ အမှန်ဖြစ်သည်။

ယခုအချိန် တွင် ကျွန်တော်တို့ နိုင်ငံ၌ ဖျော်ဖြေမှု ဆိုင်ရာ အပိုင်းတွင် ကိုရီးယား ရုပ်ရှင် ၊ သီချင်း ၊ ဗီဒီယိုများ ထိုးဖောက် ဝင်ရောက်လာမှု အများဆုံး အချိန် ဖြစ်သည်။ ကိုရီးယား ဇာတ်ကားများ အောင်မြင် ရခြင်း အကြောင်း အရင်းမှာ ဇာတ်အိမ် ခိုင်မာမှုရှိခြင်း ၊ သရုပ်ဆောင် ကောင်းခြင်း ၊ အာရှတိုက် ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက် များနှင့် အများဆုံး ကိုက်ညီမှု ရှိခြင်း တို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ် လူငယ်များ သည်လည်း ကိုရီးယား သရုပ်ဆောင် များကဲ့သို့ အတုယူကာ ဝတ်စား ဆင်ယင်ခြင်း ၊ ပြုမူခြင်းများ ကို လုပ်ဆောင် လာကြသည် ကိုလည်း တွေ့ရှိ ရသည်။ သို့ရာတွင် မကောင်းသော ယဉ်ကျေးမှု ဖြစ်သည့် အမျိုးသား နှင့် အမျိုးသမီး အတူ ယှဉ်တွဲကာ အရက် သောက်စားခြင်း ကိုပါ အတုခိုးခြင်း များကတော့ မကောင်းဟု မိမိအနေဖြင့် ယူဆမိသည်။ အတုယူရန် ကောင်းသော အချက်များ အနေဖြင့် ဇာတ်ကား အတော်များများ တွင် မည်သည့် အလုပ် ကိုမဆို တန်ဖိုးထား၍ လေးစားစွာ လုပ်ဆောင်ခြင်း ၊ အချိန်ကို တန်ဖိုးထားခြင်း ၊ လူကြီးမိဘ အပေါ် ပြုမူ ဆက်ဆံပုံများ ၊ အမှိုက်ကို စည်းကမ်း စနစ်တကျ စွန့်ပစ်ခြင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း တို့ကို စနစ်တကျ လိုက်နာခြင်း စသည်တို့ကို လည်း တွေ့ရသည်။

ထို့ကြောင့် ကျွန်တော့် အနေဖြင့် ရှေ့တွင် တင်ပြ ခဲ့သည့်အတိုင်း အတုဖြစ်စေ ကာမူ ကောင်းသော အတုများ လူနှင့် လူ့ပတ်ဝန်းကျင် တွင်ရှိနေ ပါကြောင်းနှင့် မိမိအတွက် အကျိုးရှိ စေမည့် ကောင်းသော အတုယူခြင်း ၊ အတုခိုးခြင်း များကို မိမိလည်း လုပ်ဆောင်သင့် သကဲ့သို့ အခြား သူများကို လည်း တိုက်တွန်း သင့်ပါကြောင်း မွန်မြတ်သော စေတနာဖြင့် တင်ပြလိုက် ရပါသည်။ 

ဝါဇီစိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...