-
ရန်ကုန် ဖေဖော်ဝါရီ ၁၃
-
မတ်လတွင်ကျင်းပမည့်၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ဆေးမည့် မေးခွန်းပုံစံသစ်သည် ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းကို စစ်ဆေး အကဲဖြတ်ခြင်းဖြစ်ပြီး မေးခွန်းဟောင်းများကိုလည်း လေ့လာရန်လိုအပ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ခရိုင်ပညာရေးမှူး ဦးမောင်ကြွယ်ထံမှ သိရသည်။
-
''အခုပြောင်းလဲလိုက်တဲ့တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်က ဓမ္မဓိဋ္ဌာန်မေးခွန်းတွေ မပါဝင်တဲ့ အပြင် ကျောင်းသား၊ ကျောင်းသူတွေအတွက်အလွတ်ကျက်စနစ်မျိုးမဟုတ်ဘဲအတွေးအခေါ်ပိုင်းဆိုင်ရာကို ဖြေဆိုရမယ့် မေးခွန်းဟောင်းပုံစံတွေ ပါဝင်မှာပါ။ အဲဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မေးခွန်းဟောင်းတွေကို ပြန်လည်လေ့လာထားဖို့ လိုအပ်ပါတယ်။ အခုမေးခွန်း ပုံစံသစ်ကကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အချင်းကို စစ်ဆေးအကဲဖြတ်တဲ့ မေးခွန်းပုံစံမျိုးတွေနဲ့ မေးမြန်းမှာဖြစ်တာကြောင့် အရင်မေးခွန်း ပုံစံထက် အနည်းငယ် ခက်ခဲနိုင်ပါတယ်'' ဟု ဦးမောင်ကြွယ်က ပြောသည်။
-
ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်မေးခွန်းဟောင်းများ အပြင် သင်ရိုးများမှ သင်ခန်းစာများကို အခန်းလိုက် ရွေးချယ်လေ့ကျင့်၍ မရဘဲ သင်ရိုးအားလုံးကို လေ့ကျင့်ရမည်ဖြစ်သည်။ မေးခွန်းပုံစံသစ် ပြောင်းလဲလိုက်သည့်အတွက်မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အခက်အခဲများ ရှိနိုင်သည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
-
မြန်မာနိုင်ငံ၌ ပညာရေးမြှင့်တင်မှု အစီအစဉ်အဖြစ် ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို မေးခွန်းပုံစံသစ်ဖြင့် ပြောင်းလဲ စစ်ဆေးရန် စီစဉ်ထားပြီး ယင်းကဲ့သို့ ပြောင်းလဲစစ်ဆေးရန် မြန်မာတစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမများကိုအသိပညာ ပေးပြီးဖြစ်ကြောင်းသိရသည်။ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၆ ရက် မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment