-
ရန်ကုန် ဖေဖော်ဝါရီ ၁၄
-
မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MRPPA) နှင့် တာဝန်ရှိသူများ ပူးပေါင်းရေးဆွဲခဲ့သည့် ရော်ဘာ ဥပဒေမူကြမ်းကို လက်ရှိတွင် ပြန်လည်ပြင်ဆင်လျက်ရှိရာ အဆိုပါရော်ဘာ ဥပဒေ ထွက်ပေါ် လာပါက ရော်ဘာကဏ္ဍ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း MRPPA အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ထံမှ သိရသည်။
-
''မူကြမ်းတွေရေးဆွဲပြီးလို့ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေကိုချပြပြီးပြီ။ ချပြပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီး မှာရှိတဲ့ ရော်ဘာကဏ္ဍက ရော်ဘာ လုပ်ငန်းရှင်တွေရဲ့Feedback တွေလည်း အကုန်လုံး ပြန်ယူပြီးပြီ။ အဲဒီ Feedback တွေကို Review ပြန်လုပ်ပြီးတော့ လွှတ်တော်ကို တင်ပြသွား မှာပါ''ဟု ဦးခိုင်မြင့်က ပြောသည်။ လက်ရှိရေးဆွဲထားသည့် ရော်ဘာ ဥပဒေမူကြမ်းတွင် ရော်ဘာကဏ္ဍကို အကျိုးမပြုသည့် အချက်အလက်များ ပါရှိနေသည့် အတွက် ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ကာ ယခင်ရေးဆွဲခဲ့သည့် အသင်းနှင့် သက်ဆိုင်ရာ ဌာနများမှ ဆက်လက် ပြင်ဆင် ရေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
-
''မဖြစ်နိုင်တဲ့ အချက်တွေကိုပြန်ပြီးတော့ ပြင်ဆင်မှာပါ။ ပြင်ပြီးတဲ့အခါ အဲဒါကို ပြန်လည်ချပြရဦးမှာပါ။ ဘာလို့လဲ ဆိုတော့ အများသဘောတူပြီးတော့ ကိုယ့်ရော်ဘာ ကဏ္ဍကောင်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ဥပဒေတစ်ခုကို ခိုင်ခိုင်မာမာ ရေးဆွဲပြီးတော့မှ လွှတ်တော်ကို တင်တာ အကောင်းဆုံးပါ''ဟု ဦးခိုင်မြင့်က ပြောသည်။
-
ယင်းရော်ဘာ ဥပဒေမူကြမ်း ပေါ်ပေါက်လာပါက ရော်ဘာစီးတီးကဲ့သို့ ရော်ဘာနှင့် ပတ်သက်သည့် အရေးကြီး ကိစ္စရပ်များ ပေါ်ပေါက်လာရန် ပိုမို လွယ်ကူနိုင်မည် ဖြစ်ကြောင်း၊ ရော်ဘာဥပဒေကို အမျိုးသားအဆင့် ပို့ကုန် မဟာဗျူဟာ ရည်မှန်းချက်ဖြင့် ရေးဆွဲ နေခြင်းဖြစ်ပြီး ယင်းဥပဒေတွင် ရော်ဘာဗဟို ဈေးကွက် ထိန်းညှိရန် ဘုတ်အဖွဲ့ ဖွဲ့စည်းခြင်း၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းတို့အထိလုပ်ငန်း အဆင့်ဆင့် ပါဝင်ကြောင်း သိရသည်။
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment