-
နေပြည်တော် ဖေဖော်ဝါရီ ၁၄
-
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များသည် နေပြည်တော်အတွင်း ပထမနေ့ လေ့လာရေး ခရီးစဉ် အဖြစ်ယနေ့ညနေပိုင်းတွင် နေပြည်တော် ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။
-
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အဖွဲ့ဝင် ၄၄ ဦး၊ ရခိုင်ပြည်နယ်မှ အဖွဲ့ဝင် ၄၇ ဦးတို့ပါဝင်ကြပြီးထိုသို့လေ့လာရာတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
-
တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ လေ့လာရေးခရီးစဉ်ကို တိုင်းရင်းသား အချင်းချင်း ရင်းရင်းနှီးနှီး တွေ့ဆုံကာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုတစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်၍ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေပြီး ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်မာလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
-
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များ၏ လေ့လာရေး ခရီးစဉ်သည် လေးရက် ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်ရှိ ဗုဒ္ဓဂယာနှင့်ဥပ္ပါတသန္တိစေတီတော်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ်၊ အမျိုးသားပြတိုက်၊ ကျောက်မျက် ရတနာပြတိုက်၊ ငလိုက်ဆည်ဆင်စခန်းနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)သို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်းသိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment