Social Icons

Pages

Friday, February 15, 2019

မိတ္ထီလာမြို့နယ် ဒီးဒုတ်တောင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ၂၄ နာရီမီးလင်းပြီ

မိတ္ထီလာမြို့နယ် ဒီးဒုတ်တောင်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ၂၄ နာရီမီးလင်းပြီ
-
မိတ္ထီလာ  ဖေဖော်ဝါရီ  ၁၄ 
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်း ကျေးရွာအုပ်စု ဒီးဒုတ်တောင် ကျေးရွာ၌ ဆိုလာစနစ်သုံး အသေးစား လျှပ်စစ်ဓာတ်အားလိုင်း စနစ်ဖြင့် ၂၄ နာရီ  မီးလင်းပြီဖြစ်ကြောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။ 
-
မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ကျေးရွာများ၏ မီးလင်းရေးစနစ်ကို အကြို လျှပ်စစ်မီးရရှိရေးနှင့် ပြည်သူအချိုးကျ ထည့်ဝင်သည့်စနစ်ဖြင့် ပိုမိုကောင်းမွန်သည့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ရန်၊ အစိုးရ၊ပြည်သူလူထုနှင့် ပုဂ္ဂလိက အခန်းကဏ္ဍတို့ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ 
-
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၆ဝ ရာခိုင်နှုန်း၊ လုပ်ငန်းရှင်က ၂ဝ ရာခိုင်နှုန်း၊ ပြည်သူလူထုက ၂ဝ ရာခိုင်နှုန်း ထည့်ဝင်ငွေများဖြင့် ဆိုလာစနစ်သုံး အသေးစား လျှပ်စစ်ဓာတ်အားလိုင်းစနစ်ဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းကို  Mandalay YomaCo., Ltd.မှ  တာဝန်ယူ၍ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ဆိုလာစနစ်သုံး အသေးစား ဓာတ်အားလိုင်းစနစ် (Solar Mini.Grid 55 KWp)ကို ၂ဝ၁၈ ခုနှစ် ဧပြီ ၂၄ ရက်မှစတင်ကာ အိမ်ခြေ ၁၇၄ အိမ် လူဦးရေ ၉၉၃ ဦးရှိသည့် ဒီးဒုတ်တောင် ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၁၂၆ အိမ်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး စတင်သုံးစွဲလျက်ရှိသည်။ 
-
အဆိုပါဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒီးဒုတ်တောင်ကျေးရွာသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် တာဝန်ရှိသူများက ဆိုလာစနစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာမီးလင်းရေး လုပ်ငန်းနှင့် ကျန်ရှိသည့် အိမ်ခြေများမီးလင်းနိုင်ရေး  လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...