Social Icons

Pages

Tuesday, January 15, 2019

ရေချွေတာ အသုံးပြုတတ်စေရေး ကျောင်းသား ကျောင်းသူများအား ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)၌ အသိပညာပေးမှုများ ဆောင်ရွက်

ရေချွေတာ အသုံးပြုတတ်စေရေး ကျောင်းသား ကျောင်းသူများအား ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)၌ အသိပညာပေးမှုများ ဆောင်ရွက်
-
ရန်ကုန် ဇန်နဝါရီ ၁၄ 
-
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့(အင်ဂျင်နီယာဌာန/ရေနှင့်သန့်ရှင်းမှု)နှင့် JICA Technical Assistance Project တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)သို့ ယမန်နေ့က သွားရောက်လေ့လာစေကာ ရေချွေတာအသုံးပြုတတ်စေရေး အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ (အင်ဂျင်နီယာဌာန/ရေနှင့်သန့်ရှင်းမှု) ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းစိုးထံမှ သိရသည်။ 
-
ထိုကဲ့သို့ အသိပညာပေး ဆောင်ရွက်ရခြင်းမှာ ရန်ကုန်မြို့တော် ရေပေးဝေရေးစနစ်၊ ရေအရင်းအမြစ်များ ရရှိမှု အခြေအနေ၊ သောက်သုံးရေ စနစ်တကျသုံးစွဲမှုနှင့် ရေချွေတာ သုံးစွဲမှုတို့ကို ပညာပေးအစီအစဉ်အနေဖြင့် လက်တွေ့ပြသခြင်း ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရန်ကုန်မြို့အတွက် တစ်ရက်လျှင် ရေဂါလန်စုစုပေါင်း ၂ဝ၅ သန်းအထိ ဖြန့်ဝေပေးနေသော်လည်း သောက်သုံးရေ လိုအပ်ချက်များ ရှိနေသောကြောင့် ယခုကဲ့သို့ အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ 
-
''ပြည်သူတွေအနေနဲ့ လမ်းသွားရင်း ရေပိုက်ပေါက်နေတာတွေ၊ ယိုစိမ့်နေတာတွေ တွေ့ရှိခဲ့ရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သက်ဆိုင်ရာက အမြန်ဆုံးလာရောက် ပြုပြင်နိုင်မှာဖြစ်ပြီး ပြည်သူတွေ ရေလုံလောက်စွာ ရရှိမှုအတွက် ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်'' ဟု ဒေါ်သင်းသင်းစိုးက ပြောသည်။ 
-
ယခုအခါ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ရေချွေတာသုံးစွဲတတ်စေရန် လက်တွေ့သရုပ်ပြ အသိပညာပေးလှုပ်ရှားမှုများစဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ 
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...