Social Icons

Pages

Thursday, January 3, 2019

ထမ်ဆမ်းဂူ၊ မွေတော်ကက္ကူ ဘုရားနှင့် အင်းလေးဒေသသို့ ရုံးပိတ်ရက်များတွင် ဘုရားဖူး အပန်းဖြေ သူများပြား

ထမ်ဆမ်းဂူ၊ မွေတော်ကက္ကူ ဘုရားနှင့် အင်းလေးဒေသသို့  ရုံးပိတ်ရက်များတွင် ဘုရားဖူး အပန်းဖြေ သူများပြား
-
တောင်ကြီး   ဇန်နဝါရီ   ၂ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အတွင်းရှိ   အထင်ကရနေရာများဖြစ်သည့် ထမ်ဆမ်းဂူ၊    မွေတော် ကက္ကူ ဘုရားနှင့် အင်းလေးဒေသသို့ ယခုကာလရုံးပိတ်ရက် များအတွင်း လာရောက်လည်ပတ်အပန်းဖြေသူများ များပြား လျက်ရှိကြောင်း သိရသည်။ 
-
အဆိုပါ   ပြည်တွင်း၊  ပြည်ပဘုရားဖူး ဧည့်သည်များသည်  ရန်ကုန်၊  ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့များ၊ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် မွန်ပြည်နယ်မှ ဒေသခံပြည်သူများက မိသားစုလိုက်၊  သူငယ်ချင်း အစုအဖွဲ့လိုက် ကိုယ်ပိုင်မော်တော်ယာဉ်၊  ဘုရားဖူးအငှား ယာဉ်များဖြင့် တစ်ညအိပ်နှစ်ရက်၊ သုံးညအိပ် လေးရက် စသည်ဖြင့် လာရောက်လည်ပတ် အပန်းဖြေကြရာ အင်းလေးဒေသအတွင်းရှိ ဖောင်တော်ဦးဘုရား၊ အင်းတိန်ဘုရား၊ အလို တော်ပေါက်ဘုရားများကို  ဖူးမြော်ခြင်းနှင့် ရက်ကန်းရုံများ၊ လက်မှုပညာဖြစ်သည့် ငွေထည်လုပ်ငန်းများ၊ အင်းရိုးရာ ကြာချည်ထည် လုပ်ငန်းများနှင့် မိုင်းသောက်တံတား၊ အင်းလေးသဘာဝရှုခင်းအလှများကို စက်လှေများဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြသည်။ 
-
ထို့ပြင်  တောင်ကြီးမြို့ ပတ်ဝန်းကျင်ရှိ အထင်ကရဘုရားများဖြစ်သည့်  စူဠာမုနိ လောကချမ်းသာဘုရားကြီး၊ ရွှေဘုန်းပွင့်၊ မြစိမ်းတောင် ဘုရားများနှင့်   ထမ်ဆမ်းဂူ ဘုရား၊ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူ ဘုရားများအား  ဖူးမြော်ကြည်ညိုကြ သည်။ 
-
ထို့ပြင်အချို့ဘုရားဖူးအဖွဲ့များသည် တောင်ကြီးမှ ကယားပြည်နယ်ရှိ တောင်ကွဲစေတီ၊ ငွေတောင်ဆည်၊ ထီးပွင့်ကန် စသည့် အထင်ကရနေရာများသို့   လည်ပတ်ဖူးမြော်ကြသည်။ ''ကျွန်တော်တို့အဖွဲ့ကတော့  မိတ္ထီလာက ဒီမနက်မှတက်လာတာပါ။  ကားနှစ်စီးနဲ့ မိသားစုအဖွဲ့တွေ၊ သူငယ်ချင်းတစ်စု၊ အင်းလေးဘုရားတွေဖူးပြီးတော့ ဒီနေ့ညတောင်ကြီးမှာအိပ်ပြီး မနက်တောင်ကြီးပတ်ဝန်းကျင်မှာ ရှိတဲ့ဘုရားတွေဖူးမယ်၊ ဖူးပြီးရင် ကယားပြည် နယ်မှာရှိတဲ့ ထီစဲ့ခါးရေတံခွန်ကိုအရင်ဝင်ပြီးမှ တောင်ကွဲစေတီ၊ ငွေတောင်ဆည်၊ ထီးပွင့်ကန် တွေကို ဖူးမြော်လည်ပတ်ပြီးရင် လွိုင်ကော်-ပင်လောင်းလမ်းအတိုင်းပြန်မယ်''ဟု မိတ္ထီလာမြို့နယ်မှ ဘုရားဖူးလာရောက် လည်ပတ်သူ တစ်ဦးကပြောသည်။  
-
အဆိုပါ ဘုရားဖူးပြည်သူများမှာ ကျောင်းပိတ်ရက်နှင့်ရုံးပိတ်ရက်တို့တွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင်ရှိသည့် အထင်ကရ နေရာများသို့   လာရောက်လည်ပတ်မှုများကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...