Social Icons

Pages

Friday, December 21, 2018

YBS ယာဉ်လိုင်းလေးလိုင်း ၂၄ နာရီဝန်ဆောင်မှု တိုးမြှင့်ပြေးဆွဲခြင်း စတင်

YBS ယာဉ်လိုင်းလေးလိုင်း ၂၄ နာရီဝန်ဆောင်မှု တိုးမြှင့်ပြေးဆွဲခြင်း စတင်
-
ရန်ကုန်   ဒီဇင်ဘာ   ၂ဝ 
-
ရန်ကုန်မြို့တွင်း  ပြေးဆွဲလျက်ရှိသော  YBS ယာဉ်လိုင်းများအနက် (၂ဝ၊ ၈၃၊၉၈၊ ၉၉) ယာဉ်လိုင်းလေးလိုင်း၏ ၂၄ နာရီ ဝန်ဆောင်မှုတိုးမြှင့်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့က လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေး ကုန်တင်ယာဉ်ကြီး ရပ်နားစခန်း၌ ကျင်းပခဲ့ပြီး ယနေ့ညပိုင်းတွင် စတင်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း သိရသည်။ 
-
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊  ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ယာဉ်လိုင်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 
-
၂၄ နာရီပြေးဆွဲမည့် YBS ယာဉ်လိုင်းများဖြစ်သည့် ၂ဝ၊ ၈၃၊ ၉၈ နှင့်  ၉၉ ယာဉ်လိုင်းအားလုံးသည်    လှိုင်သာယာမြို့နယ်   ဒဂုံဧရာအဝေးပြေး ကားဂိတ်မှစ၍ ရန်ကုန်မြို့တွင်းသို့  ပြေးဆွဲပေးနေခြင်း ဖြစ်သည်။ ''ယာဉ်လိုင်းတစ်လိုင်းကို ကားခြောက်စီးလောက်နဲ့  နာရီဝက်တစ်စီး လွှတ်ပေးမှာဖြစ်ပါတယ်။ ညပိုင်းကနေ နံနက် ၆ နာရီ အထိ ညပိုင်းဝန်ဆောင်မှုအဖြစ် ပြေးဆွဲပေးမှာပါ။ ညပိုင်းမှ ပြေးဆွဲတာဖြစ်လို့  အဓိကကတော့  ခရီး သွားပြည်သူတွေ  လုံခြုံမှုရှိအောင် ယာဉ်တစ်စီးစီမှာ လုံခြုံရေးတစ်ဦးစီ ထည့်ပေးထားပါတယ်။ ဒါပြင့် Control Center ကနေ အချိန်ပြည့် စောင့်ကြည့်သွားပါမယ်'' ဟု Omni  Focus မှ မန်နေးဂျင်း ဒါရိုက်တာ  ဦးထွန်းတောက်ဝင်း ကပြောသည်။ 
-
ယင်းယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားမှာ နေ့ပိုင်းကဲ့သို့ ပုံသေငွေကျပ် ၂ဝဝ  သာ ဖြစ်ကြောင်း၊ ယခုယာဉ်လိုင်းများ မတိုင်မီက Airport Shuttle Bus ယာဉ်လိုင်းမှ၂၄ နာရီဝန်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...