
-
ရန်ကုန် ဒီဇင်ဘာ ၂ဝ
-
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများအနက် (၂ဝ၊ ၈၃၊၉၈၊ ၉၉) ယာဉ်လိုင်းလေးလိုင်း၏ ၂၄ နာရီ ဝန်ဆောင်မှုတိုးမြှင့်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေး ကုန်တင်ယာဉ်ကြီး ရပ်နားစခန်း၌ ကျင်းပခဲ့ပြီး ယနေ့ညပိုင်းတွင် စတင်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း သိရသည်။
-
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ယာဉ်လိုင်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
-
၂၄ နာရီပြေးဆွဲမည့် YBS ယာဉ်လိုင်းများဖြစ်သည့် ၂ဝ၊ ၈၃၊ ၉၈ နှင့် ၉၉ ယာဉ်လိုင်းအားလုံးသည် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေး ကားဂိတ်မှစ၍ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲပေးနေခြင်း ဖြစ်သည်။ ''ယာဉ်လိုင်းတစ်လိုင်းကို ကားခြောက်စီးလောက်နဲ့ နာရီဝက်တစ်စီး လွှတ်ပေးမှာဖြစ်ပါတယ်။ ညပိုင်းကနေ နံနက် ၆ နာရီ အထိ ညပိုင်းဝန်ဆောင်မှုအဖြစ် ပြေးဆွဲပေးမှာပါ။ ညပိုင်းမှ ပြေးဆွဲတာဖြစ်လို့ အဓိကကတော့ ခရီး သွားပြည်သူတွေ လုံခြုံမှုရှိအောင် ယာဉ်တစ်စီးစီမှာ လုံခြုံရေးတစ်ဦးစီ ထည့်ပေးထားပါတယ်။ ဒါပြင့် Control Center ကနေ အချိန်ပြည့် စောင့်ကြည့်သွားပါမယ်'' ဟု Omni Focus မှ မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်း ကပြောသည်။
-
ယင်းယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားမှာ နေ့ပိုင်းကဲ့သို့ ပုံသေငွေကျပ် ၂ဝဝ သာ ဖြစ်ကြောင်း၊ ယခုယာဉ်လိုင်းများ မတိုင်မီက Airport Shuttle Bus ယာဉ်လိုင်းမှ၂၄ နာရီဝန်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment