
-
ရန်ကုန် ဒီဇင်ဘာ ၁၆
-
မြန်မာမီဒီယာဂရုက ကြီးမှူးကျင်းပသည့် AIR KBZ Grand Final ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ ထွန်းထွန်းမင်းနှင့် ဒေ့ဗ် တို့၏ ချန်ပီယံစိန်ခေါ်ပွဲတွဲဆိုင်းမှာ အရှုံး အနိုင်မပေါ်ဘဲ ပူးတွဲသရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။
-
ထွန်းထွန်းမင်းသည် ဒေ့ဗ်ထံမှ မြန်မာပြည် အလွတ်တန်း ချန်ပီယံဘွဲ့ကို ပြန်လည် ရယူလိုသောကြောင့် စိန်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း ငါးချီ အထိ အလဲထိုးနိုင်ခဲ့ခြင်း မရှိဘဲ ပူးတွဲသရေ ရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ခြင်းဖြစ်ပြီး ဒေ့ဗ်မှာ ချန်ပီယံ ဆုကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့သည်။ ထွန်းထွန်းမင်းသည် ပထမအချီနှင့်ဒုတိယအချီတွင် ဒေ့ဗ်၏ တံတောင်ရိုက်ချက်များကြောင့် ထိုးသတ်ရန် အခက်အခဲ တွေ့ခဲ့ပြီး အနားတောင်း ခဲ့ရသည်အထိ အထိနာခဲ့သည်။ တတိယအချီတွင် ထွန်းထွန်းမင်း ထိုးသတ်ပုံပြောင်းလဲခဲ့ပြီး ဒေ့ဗ်၏အမှားကိုစောင့်ကာ တန်ပြန်တိုက်စစ် ပုံစံကို ပြောင်းလဲခဲ့သည်။
-
အထူးသဖြင့် ထွန်းထွန်းမင်း၏ ဘယ်ညာဝိုက်လက်သီးများက ဒေ့ဗ်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး လူချင်းအပူးတွင် အသုံး ပြု ခဲ့သော ပင့်လက်သီးများကလည်း ဒေ့ဗ်ကိုအခက်တွေ့စေခဲ့သည်။ စတုတ္ထအချီနှင့် နောက်ဆုံးအချီတွင် လက်ရှိ ချန်ပီယံ ဒေ့ဗ်က ထွန်းထွန်းမင်းကို အလဲထိုးရန်မကြိုးစားတော့ဘဲ သရေရလဒ်ဖြင့်သာ အဆုံးသတ်ရန် ကြိုးပမ်းခဲ့သည်။
-
ထို့ကြောင့် ငါးချီပြီးဆုံးချိန်အထိ နှစ်ဦးစလုံးအလဲထိုး နိုင်ခြင်းမရှိဘဲ ပူးတွဲသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ အမျိုး သမီးချန်ပီယံဆုချီးမြှင့်မည့် အခြားတွဲဆိုင်းတွင် ဘရော်နီကာ (မြန်မာ)နှင့် ဟုန်ထောင်း (ထိုင်း)တို့ ယှဉ်ပြိုင် ထိုးသတ် ရာ ပူးတွဲ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် ထွန်းမင်းလတ်(မြန်မာ)နှင့် တိုခဲရှိ(ဂျပန်)တို့၏ တွဲဆိုင်းတွင် ထွန်းမင်းလတ်သည် တိုခဲရှိဖိအားပေးမှုကို ဆက်တိုက် နီးပါးခံခဲ့ရသောကြာင့် အနားတောင်းခဲ့ပြီး တတိယအချီတွင်တိုခဲရှိက ထွန်းမင်းလတ်ကို အလဲထိုးဖြင့် အနိုင်ရ ရှိခဲ့သည်။
-
ဗျဂ္ဃ(မြန်မာ)နှင့် ဝိထရာ (ထိုင်း)တို့၏ တွဲဆိုင်းတွင် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ဗျဂ္ဃ၏ လက်သီး ချက်ကြောင့် ဝိထရာ နဖူးကွဲခဲ့သည်။ စောဒါဝိတ်(မြန်မာ)နှင့် မာမွတ်(အီရန်)တို့ပွဲစဉ်တွင် စောဒါဝိတ်က လက်ရေ အသာဖြင့် အနိုင် ထိုးသတ်သည်။ အလားတူ အောက်ချင်းလေးနှင့် အင်းသားတို့ တွဲဆိုင်းတွင် အောက်ချင်းလေးက အင်းသားကို ပွဲစဉ်တစ်လျှောက်၌ ဖိအား ပေးနိုင်ခဲ့ပြီး အစီး သရေဖြင့် အသီးသီး ထိုးသတ်နိုင်ခဲ့သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment