Pages

Wednesday, December 19, 2018

ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၎င်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထား မှတ်ချက် အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ဆွေးနွေး -

ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၎င်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထား မှတ်ချက် အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ဆွေးနွေး
-
နေပြည်တော် ဒီဇင်ဘာ ၁၈ 
-
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေး တွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လပေါင်း ၃ဝ လုပ်ငန်း ဆောင်ရွက်ချက် အစီရင် ခံစာကို ဖတ်ကြား တင်ပြခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်သည်။ ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသော ၂ဝ၁၇ ခုနှစ် မြန်မာ့ကျောက်မျက် ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် ပြင်ဆင်ထားသည့်အတိုင်း အတည် ပြုကြောင်း ကြေညာသည်။ 
-
ထို့နောက် နိုင်ငံတော် သမ္မတထံမှပေးပို့ ထားသော ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သတင်းအချက်အလက် ဗဟိုဌာနကြီး တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ဒသမ ၇၇၉ သန်း ရယူရန် ကိစ္စ နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်း ဖြေကြားပြီး ယင်းကိစ္စနှင့် စပ်လျဉ်း၍ သဘောတူ အတည်ပြုကြောင်း လွှတ်တော် နာယက က ကြေညာသည်။ 
-
ထို့ပြင် ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အစိုးရ၏ ကြွေးမြီ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ၎င်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁ဝ/၂ဝ၁၈) တို့နှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်မှု ဂယက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေနှင့် သုံးသပ်ချက် စာပိုဒ်များပါ အခြေအနေများအရ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုမှာ ၁၅ ဒသမ ၇၄ ရာခိုင်နှုန်း အထိရှိခဲ့ပြီး အခြား ငါးနိုင်ငံမှာ ၄ ဒသမ ၁၆ ရာခိုင်နှုန်းမှ ၉ ဒသမ ၂၃ ရာခိုင်နှုန်း အထိသာ ကျဆင်းခဲ့၍ မြန်မာကျပ်ငွေ တန်ဖိုး ၁၅ ဒသမ ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းရခြင်း အကြောင်းရင်းများကို အသေးစိတ် ထပ်မံစိစစ်သင့်ကြောင်း။ 
-
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ စာပိုဒ် ၂၈ ပါဖော်ပြချက်များအရ ၂ဝ၁၆ ခုနှစ် ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့ ကြောင်း ဖော်ပြထားသော်လည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အမှတ် စဉ် ၄/၂ဝ၁၇ ၏ စာပိုဒ် ၃၉၊ စာပိုဒ်ခွဲ(ဂ)တွင် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့တို့၏ သတ်မှတ်ချက်အရ အလယ်အလတ်အဆင့် ဝင်ငွေနည်းပါးသည့် နိုင်ငံများ အတွက် ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးကို ၃ဝ ရာခိုင်နှုန်းနှင့် ပြည်တွင်းပြည်ပ ကြွေးမြီနှစ်ရပ် ပေါင်း ဂျီဒီပီအချိုးကို ၃၈ ရာခိုင်နှုန်းထက် မကျော်လွန်သင့်သဖြင့် ပြည်တွင်းပြည်ပ ကြွေးမြီနှစ် ရပ်ပေါင်း၏ ဂျီဒီပီအချိုး ၃၈ ရာခိုင်နှုန်းထက် ကျော်လွန်ပြီး ၃၈ ဒသမ ၄ ရာခိုင်နှုန်းဖြစ် ပေါ်နေခြင်းကို အထူးသတိပြု သုံးသပ် စိစစ်ကြပ်မတ် သင့်ကြောင်း။ အစီရင်ခံစာပါ စာပိုဒ် ၅၄ တွင် ပြည်ပကြွေးမြီ ပြန်ဆပ်ရေးနှင့် ပတ်သက်ပြီး ဦးဆောင် ဝန်ကြီး ဌာနအနေဖြင့် မူဝါဒရေးရာ အကြံပြုချက်များ ထည့်သွင်းတင်ပြရန် အထူးလိုအပ်ကြောင်း၊ မြီရှင်နိုင်ငံများနှင့် ဆွေးနွေးခြင်း သဘောတူညီချက် ရယူခြင်းဖြင့် ကြွေးမြီပြန်ဆပ်မည့် နည်း လမ်းများအား အဖြေရှာသင့်ကြောင်း သဘောထား မှတ်ချက်ပြုအပ်သည်ဟု ဖော်ပြထားသဖြင့် ယခင် အစိုးရလက်ထက် ကြွေးလျှော်နိုင်ရေး ဆောင်ရွက်ခဲ့မှုအား နမူနာယူပြီး ဆောင်ရွက် သင့်ကြောင်း၊ ကြွေးလျှော်နိုင်ရေး ဆောင်ရွက်ခဲ့မှုကို ယခင်ဘဏ္ဍာ အခွန်ဝန်ကြီးက ရှင်းလင်း တင်ပြရာတွင် ကြွေးမြီများ ရှင်းလင်းရာ၌ ဆောင်ရွက်သည့် နည်းလမ်းလေးမျိုးအနက် နိုင်ငံ အတွက်သင့်လျော်ဆုံး နည်းလမ်းဖြစ်သည့် ပေါင်းကူးချေးငွေ ရယူပေးဆပ်ခြင်း နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည် မှ ၁၉၈၈ ခုနှစ်အထိ မြီရှင် နိုင်ငံများအပေါ် တင်ရှိနေသော ပြည်ပကြွေး မြီစုစုပေါင်း အမေရိကန် ဒေါ်လာ ၁ဝ ဒသမ ၃၂ ဘီလီယံ အနက် အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၂၅ ဘီလီယံကြွေးမြီ လျှော်နိုင်ခဲ့ကြောင်း စသည်ဖြင့် တင်ပြခဲ့သဖြင့် ကြွေးမြီပေးလျှော်နိုင်ရေး ဆောင်ရွက်ခဲ့သည့် နည်းလမ်းတစ်ခု အနေဖြင့် အကြံပြု တင်ပြလိုကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီတို့ အနေ ဖြင့် ယခုအကြံပြု တင်ပြချက်များကို ပြန်လည်စိစစ်သုံးသပ်၍ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်အစီရင်ခံစာ တင်ပြနိုင်ရန် အကြံပြ ဆွေးနွေးသည်။ -
ယင်းနောက် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က နိုင်ငံတကာကြွေးမြီ နှင့်ပတ်သက်လာလျှင် အတိုးနှုန်း ဆိုင်းငံ့ကာလနှင့် ပြန်ဆပ်ကာလ စသည့်အချက်များကို အခြေခံတွက်ချက်ပြီး မည်မျှဖြစ်၍ သက်သာသည့် ချေးငွေဖြစ်ကြောင်း၊ ချေးယူသင့်ကြောင်း စသည်ဖြင့် ပြည်ထောင် စုအစိုးရက ဥပဒေနှင့်အညီ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူလေ့ရှိသည်ကို အားလံးအသိပင်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ချေးငွေများကို ပြန်ကြည့်မည်ဆိုပါက အတိုးနှုန်း မည်မျှ သက်သာသက်သာ နိုင်ငံအတွက် အကြွေးတင်မည်ဖြစ်ပြီး ယခုဆိုလျှင် နိုင်ငံ၏ အချိန် စေ့ပြန်ဆပ်နေသည့် ကြွေးမြီပမာဏသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ရှိနေပြီ ဖြစ်ကြောင်း။ ချေးငွေရယူပြီး အကောင်အထည် ဖော်ဆောင်ရွက်သည့် စီမံကိန်းများသည် ထင်ထားသလို အောင်မြင်မှု မရှိသည့်အတွက် အားနည်းချက်များကို ဆွေးနွေးခဲ့သော်လည်း အဓိက ဖြစ်သည့် ပြည်ထောင်စု အစိုးရအနေဖြင့် ၎င်းကိစ္စကို မဖြစ်မနေညှိနှိုင်း အဖြေရှာသင့်သည်ကို တိုက်တွန်း လိုကြောင်း၊ စီးပွားရေး နည်းလမ်းဖြင့် အဖြေရှာရန် မဖြစ်နိုင်ပါက နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးစား အဖြေရှာ သင့်ကြောင်း၊ အကုန်လုံးလျှော်ပစ်ရန် မဖြစ်နိုင် လျှင်တောင်မှ အနည်းဆုံး အတိုးနှုန်းကို ပြန်လည်ညှိနှိုင်း လျှော့ချနိုင်ရေး အားထုတ်ကာ ပြန်လည်ပေးဆပ်ရမည့် အချိန် ဇယားကို ပြန်လည်ပြင်ဆင် ရေးဆွဲခြင်း စသည့် အချက်အလက်များကို မဖြစ်မနေကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း။ 
-
ပြည်တွင်း ကြွေးမြီအနေဖြင့် လက်ရှိအစိုးရ လက်ထက်တွင် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန် ဗဟိုဘဏ်က ငွေရိုက်ထုတ်ခြင်းအစား ငွေချေးသက်သေခံ လက်မှတ်ငွေတိုက် စာချုပ်များ လေလံစနစ်ဖြင့် ထုတ်ရောင်းသည်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက် နေသည်ကို သိရသည့်အတွက် ကြိုဆိုကြောင်း၊ သို့သော် ယခင်ကတည်းက ရယူထားသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြွေးရောင်းငွေကျပ် ၇၆ဝဝ ဘီလီယံအတွက် ပေးနေရသည့် အတိုးနှင့် အုပ်ချုပ်မှုစရိတ်သည် ငွေကျပ် ဘီလီယံ ၃ဝဝ ကျော်နီးပါးရှိကြောင်း။ 
-
အစိုးရငွေတိုက် လက်မှတ်နှင့် ငွေတိုက်စာချုပ်များ ထုတ်ရောင်းသည့်အပေါ် ဈေးကွက် လေလံ ပေါက်ဈေးနှင့် ပေးရသည့်ပျမ်းမျှ အတိုးနှုန်းမှာ ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၂၅ ရာခိုင်နှုန်း အထိ ရှိနေသည့် အတွက် နှစ်စဉ်အတိုးနှင့် အုပ်ချုပ်မှုစရိတ်မှာ ငွေကျပ်ဘီလီယံ ၇ဝဝ ကျော်ရှိပြီး စုစုပေါင်း ပြည်တွင်း ကြွေးမြီ အပေါ်ပေးရသည့် အတိုးနှင့် အုပ်ချုပ်မှုစရိတ်သည် ငွေကျပ် ဘီလီယံ ၁ဝဝဝ ကျော်ရှိနေသည်ကို မျက်ခြည် မပြတ်သင့်ကြောင်း၊ အစိုးရ၏ ဘတ်ဂျက် လိုငွေကို ဖြည့်ဆည်းပေးရန် ဗဟိုဘဏ်က ငွေရိုက်ထုတ်ခြင်းကို လျှော့ချရန် အရေးတကြီး လိုအပ်သော်လည်း အစိုးရငွေတိုက် စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ထုတ်ရောင်းချိန်တွင် ပေးရသည့် အတိုးနှုန်း ၉ ရာခိုင်နှုန်းကျော်သည် လက်ရှိနိုင်ငံ၏ ဘဏ်အတိုးနှုန်း မူဝါဒနှင့် ချိတ်ဆက်နေခြင်းကြောင့် ဘဏ်အတိုးနှုန်းဆိုင်ရာ မူဝါဒများကိုလည်း လိုအပ်သလို ထိန်းညှိ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။ 
-
ယင်းနောက် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့၏ ခြောက်လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ (၁၃/၂ဝ၁၈) အပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြကြောင်း သတင်းရရှိ သည်။ 
-
အိအိပိုင်၊ ကေသီလှိုင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment