
-
နေပြည်တော် ဒီဇင်ဘာ ၁၉
-
နိုင်ငံတော် အစိုးရသည် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအား လစာနှုန်းထားများ တိုးမြှင့်သတ်မှတ်ပေးခဲ့သည့် နည်းတူ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများအား တိုးမြှင့်သတ်မှတ်ပေးရန် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂၂/၂ဝ၁၈)၌ အတည်ပြုဆုံးဖြတ်ခဲ့ပြီး တိုးမြှင့်သတ်မှတ်ပေးသည့် ပင်စင်လစာကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှ စတင်ကာ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ်၊ ၁ဝ၁/၂ဝ၁၈ ကို ထုတ်ပြန်သည်။
-
နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ် အလေးထားဆောင်ရွက်လျက်ရှိရာ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ သည့် တပ်မတော်သားများအပါအဝင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား များ၏ စားဝတ်နေရေး သက်သာမှုရှိစေရန်အတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမိန့်ကြော်ငြာစာတွင် ပါရှိသည်။
-
အဆိုပါအမိန့်ကြော်ငြာစာအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ အငြိမ်းစားလစာ ခံစားလျက်ရှိသည့် ပင်စင်စားများ၏ ပင်စင်ခံစားခွင့်ကို လက်ရှိတာဝန် ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့် ပင်စင်ခံစားခွင့်အတိုင်း ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှ စ၍ တိုးမြှင့်ခံစားခွင့်ပြုကြောင်း သိရသည်။
-
တိုးမြှင့်ပင်စင်လစာအား ပင်စင်စား၏ အငြိမ်းစားယူခဲ့သော နောက်ဆုံး ရာထူးချိန် နှုန်းလစာနှင့် ကိုက်ညီသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂ဝ၁၈ ခုနှစ် ဧပြီ ၂၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃ဝ/၂ဝ၁၈ အရ သတ်မှတ်သော လစာနှုန်းများအပေါ်တွင် အခြေပြု၍ ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အလားတူ နိုင်ငံရေး ပင်စင်လစာများကိုလည်း တိုးမြှင့် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment