Social Icons

Pages

Friday, December 21, 2018

မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ပင်လယ်လိပ်ကြီးများအား ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်

မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ပင်လယ်လိပ်ကြီးများအား ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်
-
ဟိုင်းကြီးကျွန်း ဒီဇင်ဘာ  ၂ဝ
-
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့သည် ပင်လယ်ကမ်းခြေမြို့ တစ်မြို့ဖြစ်ပြီး မြို့နှင့်ရေမိုင် ၁ဝ မိုင်ခန့် အကွာ၌ လိပ်ကျွန်း(ခေါ်)သမီးလှကျွန်း တည်ရှိကာ ပင်လယ်လိပ်များ ဥချသည့်ကျွန်း တစ်ကျွန်းဖြစ်သည့် အလျောက် ယခင်ကာလများက အဆိုပါကျွန်း ပတ်ဝန်းကျင်၌ ပင်လယ်လိပ်များအား မကြာခဏတွေ့ရသော်လည်း ယခုအခါ ရှားပါးမှုနှင့်ကြုံတွေ့နေရပြီး ထိန်းသိမ်းရန် လိုအပ်နေကြောင်း သိရသည်။
-
''သမီးလှကျွန်းမှာ လက်ရှိအချိန်တော့ ပြင်သာလိပ် တစ်မျိုးတည်းပဲ ဥချတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အဓိကပေါတာက လိပ်လှောင်း၊ပြင်သာလိပ်၊ လိပ်ကြက်တူရွေးတို့ဖြစ်ပြီး ကိုကိုးကျွန်းအပါအဝင် ကမ်းရိုးတန်းဒေသတွေမှာ အဓိကဥချပါတယ်။ မြန်မာ့ရေပိုင်နက် အတွင်းမှာ ရှိတဲ့ ပင်လယ်လိပ်မျိုးစိတ်တွေဟာ လွန်ခဲ့တဲ့နှစ်၂ဝ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၃ဝ ရာခိုင်နှုန်းခန့်ပဲ ကျန်တာတွေ့ရပါတယ်။ ဒါကြောင့် လိပ်မျိုးစိတ်တွေ မျိုးမသုဉ်းအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေပါတယ်''ဟု သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းတာဝန်ခံက ပြောသည်။
-
လိပ်ကျွန်း(ခေါ်)သမီးလှကျွန်းတွင် ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း၌ ပြင်သာလိပ်တစ်မျိုးတည်းသာ ဥချခြင်းတွေ့ရပြီး ၂ဝဝ၃-၂ဝဝ၄ ခုနှစ်တွင် ဥကျင်းပေါင်း ၂၅၇ ကျင်း၊ ဥအလုံးပေါင်း ၂၁၅၄၉ လုံး၊ လိပ်သားပေါက်အရှင် ၁ဝ၈၇၃ ကောင်ရှိခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ဥကျင်း ၇၂ ကျင်း၊ ဥအလုံး ၅၆၈၅ လုံး၊ လိပ်သားပေါက် အရှင် ၄ဝ၈၁ ကောင်ခန့်သာ ကျန်ရှိတော့သဖြင့် နှစ်စဉ်အလိုက် လေ့လာကြည့်ပါက ပင်လယ်လိပ်မျိုးစိတ်များ တဖြည်းဖြည်း ပြုန်းတီးမှု များပြားလာကြောင်း သိရသည်။
-
ပင်လယ်လိပ်များ မျိုးသုဉ်းရခြင်း အဓိက အကြောင်းမှာ ငါးဖမ်းကိရိယာများနှင့် မတော်တဆ ထိခိုက်သေဆုံးခြင်း၊ ရေထုညစ်ညမ်းမှုကြောင့် ပင်လယ်ဂေဟစနစ်များ   ပျက်စီးလာခြင်း၊ ပင်လယ်လိပ်များ၏ ဥနှင့်အသားများကို လူသား များမှ စားသုံးမှု များပြားလာခြင်း၊ ရေလုပ်သားများမှ စွန့်ပစ်သော ပိုက်စုတ်များတွင် ငြိတွယ်သေဆုံးခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပြီး ပင်လယ်လိပ်မျိုးစိတ်များ လျော့နည်းလာကာ မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသဖြင့် ဝိုင်းဝန်းထိန်းသိမ်းရန် အထူးလိုအပ်နေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...