
-
ပုသိမ် ဒီဇင်ဘာ ၁၉
-
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အမှတ်(၁၃)ရပ်ကွက် ခတ္တာ(၃)လမ်း တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ယနေ့နံနက် ပိုင်းတွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း ဖွင့်ပွဲ ကျင်းပသည်။
-
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက အစား အသောက်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်များထုတ်လုပ် တတ်စေရန်၊ မိမိဒေသမှထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံများအား တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်တတ်စေရန်၊ ပြည်ပမှတင်သွင်းသည့် သွင်းကုန်နေရာ တွင် အစားထိုးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
-
အဆိုပါသင်တန်း၌ အစားအစာများတွင် ကျရောက်တတ်သော ဘေးအန္တရာယ်၊ သီးနှံများ ပျက်စီးရသော အကြောင်း အရင်းများ၊ သီးနှံများ တာရှည်ခံပြုပြင်ထုတ်လုပ်သည့် နည်းလမ်းများ၊ ဂျယ်လီ၊ ပြောင်းဖူး ပေါက်ပေါက်၊ ပဲအခြေခံမုန့် အမျိုးမျိုးပြုလုပ်ခြင်း စသည့် ဘာသာရပ်များကို ကျွမ်းကျင်နည်းပြများက သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၈ ရက် အထိ သင်တန်းသား ၂ဝ ဦးဖြင့် ၁ဝ ရက်ကြာအခမဲ့ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်သည့် အပြင် သင်တန်းပြီးဆုံးပါက မိမိထုတ်လုပ်သည့် စားသောက်ကုန် အတွက် လုပ်ငန်း မှတ်ပုံတင်များ လျှောက်ထားနိုင်ရန် အတွက်လည်း ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment